Friday, 25 October 2024

ဗယာကြော်

 




ဒီနေ့တော့ ဆောင်းအ၀င်မှာ မိုးရောလေပါ ရောသမမွှေနေတာမို့လို့ အလွန်ချမ်းတဲ့ ရာသီဥတုလေး ဖြစ်လို့နေပါတယ် အေးအေးချမ်းချမ်းလေး ကွေးနေချင်ပေမဲ့ ငါ့၀မ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ ချက်ရပါအုံးမယ်။

ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတော့ အမောလေးတော့ ပြေတာပေါ့နော်
ပဲ 2 cups လောက်ဆို မိသားစု ၈ယောက်လောက် စားနိူင်ပါတယ် ၄ယောက်စာဆိုရင်တော့ တစ်၀က်နူန်းနဲ့တွက်ပြီး ကြော်နိူင်ပါတယ် ခြံထဲဆင်းပြီး ပူစီနံလေးတွေ ခူးပြီး ဗယာကြော်ကြော်ဖို့ ပြင်လိုက်ကြရအောင်နော်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲခြမ်း - 2 cups
  2. နံနံပင် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
  3. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၃ခက်
  4. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
  5. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
  6. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၈မွှာ
  10. ချင်း - လက်နှစ်ဆစ်ခန့်
  11. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  12. Baking Soda - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
  • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီထားပါ
  • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
  • ပဲများ ရေစစ်သွားပါက ပဲခြမ်းအနည်းငယ်ကို ဖယ်ထားပါ
  • ပြီးတာနဲ့ ကျန်နေသော ပဲခြမ်းျားကို အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်၀က် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး Baking Soda ဖယ်ထားသော ပဲခြမ်းများ ဆား ကြက်သားမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း ငရုတ်သီးစိမ်း ပျဉ်းတော်သိမ်းရွက်နှင့် နံနံပင်တို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ပဲများကို ထမင်းစားဇွန်း နှစ်ဇွန်းလောက်ကို အလုံးလေးတွေ ဆုတ်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
  • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တစ်ခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
  • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ ဗယာကြော် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ပျဉ်းတော်သိမ်းရွက်ကြော်တို့ကြော်ပြီး ဗယာကြော်မွှေးမွှေးလေးနဲ့ တွဲဖက်ပြီး စားနိုင်ပါတယ်။

No comments:

Post a Comment