Monday, 14 October 2024

ရှမ်းခေါက်ဆွဲ

 











မာမာ ဒီနေ့တော့ ဝက်သားဝယ်လာဖြစ်တာနဲ့ ရှမ်းခေါက်ဆွဲ လုပ်စားဖြစ်ပါတယ် ရှမ်းခေါက်ဆွဲက ဝက်သားနဲ့ချက်ရင် ပိုပြီးတော့ စားလို့အရမ်း ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ရှမ်းခေါက်ဆွဲ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ကြက်သားဟင်းချက်ရန်)
  1. ဝက်သား - 500 g
  2. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ခရမ်းချဉ်သီး - အလုံးခပ်ကြီးကြီး ငါးလုံး
  4. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် သုံးလုံး
  6. ပဲငပိ - ထမင်းစားဇွန်း လေးဇွန်း
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ဝက်သားကို ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေ တုံးပေးကာ ဆား နနွင်းမှုန့် အရသာမှုန့်နှင့် တရုတ်မဆလာတို့ထည့်ပေးကာ အရသာဝင်အောင် နယ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးကာ ကြိတ်စက်ထဲမှာ ညက်နေအောင် ကြိတ်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပြီး အိုးထဲမှာ ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြိတ်ထားသော ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို တစ်ခါထဲထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ကျေလာတဲ့အထိ မွှေပေးပြီး ဆီသတ်ပါ
  • ခရမ်းချဉ်သီများး ကျေလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပြီး ဆီသတ်ပါ
  • ဝက်သား အသားများ မာတင်းလာပြီး အရောင်ပြောင်းလာမှ ပဲငပိကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး  ဝက်သားများ နူးလာအောင် တည်ပေးပါ
  • ဝက်သားများ နူးလာပြီး ရေမခမ်းခင် အချိန်မှာ အရသာမြည်းကာ လိုသလိုပြင်ပြီး မီးပိတ်ထားကာ လက်ကျန်အပူနှင့် ဟင်းအိုးကို မီးဖိုပေါ်မှာ ထားပေးပါ
  • ဒါဆိုရင်တော့ ရှမ်းခေါက်ဆွဲထဲ ထည့်စားဖို့အတွက် ဝက်သားဟင်း မွှေးမွှေးလေးကို ရပါပြီ။
  
မြေပဲလှော်ထောင်းရန်
  • မြေပဲလှော် ထမင်းစားဇွန်း ငါးဇွန်းခန့်ကို အခွံခွာပြီး သန့်စင်ထားပါ
  • ပြီးတာနဲ့ မညက်တစ်ညက် အနေအထားလေး ရလာအောင် ထောင်းထားပါ
ဆန်စီးခေါက်ဆွဲပြုပ်ရန်
  • ဆန်စီးခေါက်ဆွဲခြောက် 370 gကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိတ်ထားပါ
  • ရေစိမ်ထားသော ဆန်စီးခေါက်ဆွဲ ရေနွေးဆူဆူထဲမှာ ထည့်ပေးပြီး အနေတော်လေး ပျော့လာတဲ့အထိ ပြုပ်ပေးပါ
  • ဆန်စီးခေါက်ဆွဲများ ပျော့လာပါက ဇကာထဲ သွန်ချ၍ ရေနှင့် ၂ခါလောက် ဆေးပေးပြီး ရေစစ်ထားပါ
ငရုတ်သီး ကြော်ရန်
  • ငရုတ်သီး လုံးခြမ်းကွဲကိုကြော်ရန် ဆီ ထမင်းစားဇွန်း သုံးဇွန်းကို အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ငရုတ်သီး လုံးခြမ်းကွဲ ထမင်းစားဇွန်း လေးဇွန်းကို ထည့်မွှေပါ
  • နီနီညိုရောင် သန်းလာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
နှမ်းဆီချက် ချက်ရန်
  • ဆီထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နှမ်းဖြူ  ထမင်းစားဇွန်း လေးဇွန်းလောက်ကို ဆီထဲထည့်မွှေပါ
  • နှမ်းစေ့များ ဝါရောင်သန်းလာတာနဲ့ ပန်းကန်တစ်လုံးထဲထည့်ပြီး အအေးခံထားပါ
ဟင်းခါးရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်ရိုး - 150 g
  2. ချင်း - တစ်လက်မခန့်
  3. ရှောက်ကော - ခပ်သေးသေး တစ်လုံး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ရေ - လိုသလောက် သုံးပေးပါ
ဟင်းခါးချက်ပုံ
  • ကြက်ရိုး 150 g ကို ရေစင်အောင် ဆေးထားပါ 
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဆား အရသာမှုန်းနှင့် ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့ ရှောက်ကော ကြက်ရိုးများနှင့် ချင်းကိုထည့်ပြီး ပြုပ်ပေးပါ 
  • ကြက်ရိုးပြုပ်နေစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ 
  • ကြက်ပြုပ်ရည် မခမ်းခင် ရေကိုလိုသလောက် ထပ်ထည့်ပြီး အရသာမှုန့်နှင့် ဆားတို့ကို ထည့်ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သွန်ဖြူ  နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထည့်ပါ
  • ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ငရုတ်ကောင်းမှုန့် ထည့်ပြီး မီးနွေးနွေးနှင့် တည်ထားပါ
မုန့်ပွဲပြင်ဆင်ပုံ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး အနေတော်လေးတွေ လှီးပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော ပန်းကန်တစ်လုံးထဲ ဆန်စီးဖတ်ကို တစ်ပွဲစာလောက် ထည့်ပေးပါ
  • ချက်ထားသော ဝက်သားဟင်း အနှစ်နှင့် အသားတို့ကို မျှတအောင် ထည့်ပေးပါ
  • နံနံပင် မြေပဲထောင်းနှင့်နှမ်းဆီချက် ငရုတ်သီးဆီချက်ကို ထမင်းစားဇွန်း တစ်ဇွန်းစီ ထည့်ပေးပါ
  • ငရုတ်သီးကြော် ကြိုက်ပါက စားနိူင်သလောက် ထည့်ပေးပါ
  • ဟင်းခါးရည်နှင့် တွဲဘက်ပြီး စားသုံးရန် အဆင်သင့် ဖြစ်နေတဲ့ ရှမ်းခေါက်ဆွဲကို စားသုံးရန် ရပါပြီ။
  • ရှမ်းခေါက်ဆွဲကို အရည်လေးနဲ့ ကြိုက်ပါက ဟင်းခါးရည် ဆမ်းပေးကာ နယ်ဖတ်ပြီး စားသုံးနိူင်သလို အရည်နှင့် မကြိုက်ပါက ဟင်းခါးရည် မထည့်ဘဲ စားသုံးနိူင်ပါတယ်ရှင်။

No comments:

Post a Comment