Wednesday 16 October 2024

နွားနို့ခဲဟင်း

 



မာမာ ဒီနေ့တော့ နွားနို့ခဲလေး ဝယ်လာဖြစ်လို့ ချဉ်ငံစပ်လေး ချက်ပါတယ် မာမာဝယ်လာတဲ့ နွားနို့ခဲက အငံဘက်ကို သွားတာဖြစ်လို့ အရသာအတွက် အငံထပ်ပြီး ထည့်စရာ မလိုပါဘူး ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နွားနို့ခဲဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. နွားနို့ခဲ - 30 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ခရမ်းချဥ်သီး - အနေတော်​ နှစ်လုံး
  5. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  6. နံနံပင် - မိမိနှစ်သက်သလောက်
  7. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငရုတ်သီး ​အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ချက်ပြုပ်ပုံ
  • နွားနို့ခဲကို မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွါပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီး ထောင်းထားပါ
  • ပြီးတာနဲ့  ဟင်းချက်မယ့်အိုးထဲကို ဆီနှင့်နနွင်းမှုန့်ထည့်ကာ အပူပေးပါ
  • ဆီပူ​လာတာနဲ့ ​ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်တာ မွလာပြီဆိုရင် ခရမ်းချဥ်သီး​ထည့်ပြီး ကျေသွားတဲ့အထိ မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာပါက အရသာမှုန့် ထည့်မွှေပေးပါ
  • ခရမ်းချဥ်သီး​များ ကျေလာပြီး အနှစ်​လေးရပြီ ဆိုတာနဲ့ လှီးထားတဲ့ နွားနို့ခဲ​များ ထည့်ပေးပါ
  • ပြီးတာနဲ့ ​ရေနည်းနည်း ထည့်ပေးကာ မွှေပေးပြီး အဖုံးခန အုပ်ပြီးချက်ပေးပါ 
  • ပြီးတာနဲ့ အရသာအတွက် အ​ပေါ့အငံ မြည်းပြီး အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  •  ဟင်းအိုးထဲမှာ ဆီမပြန်ခင် ငရုတ်သီးစိမ်းကို ထည့်အုပ်ပေးပါ
  • ဟင်အိုးဆီပြန်လာတော့မှ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးကာ ချဉ်ငံစပ် နွားနို့ခဲဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment