Sunday 6 November 2016

ငါးဥကြော်နှပ် မွှေးမွှေးလေး






ပင်လယ်စာ အရောင်းဆိုင်က ငါးသလောက်ဥလေးတွေ ရလာလေတော့ အရင်ဆုံး ဘယ်လိုချက်စားရမလဲ စဉ်းစားမိပြန်တယ်။

 နောက်တော့လဲ ထုံးစံအတိုင်း ကြော်ပြီးပြန်နှပ်ဖို့ စိတ်ကူးထဲမှာ ပေါ်လာပါလေရော ဒါကြောင့်မို့လို့ ချင်းနံ့သင်းသင်းလေးနဲ့ စားရလေအောင် ကြော်ပြီးပြန်နှပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးဥ - ဥကြီးကြီး ၄ခု
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးဥအရသာနယ်ရန်နှင့် ငါးဥကြော်ဆီထဲထည့်ရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ငါးဥကို ရေစင်အောင် ဆေးပေးထားပါ
  • ပြီးတာနဲ့ ငါးဥကိုဆား နနွင်းနှင့် အချိုမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီးရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ အသားထူသော ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • အိုးအသားပါးသော ဒယ်အိုးကို သုံးပါက ငါးဥအပြင်ခွံ ခနလေးနဲ့ ကျွမ်းတတ်တဲ့အတွက် အိုးအသား ထူတာကိုဘဲ သုံးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပြီးမှ ငါးဥကိုထည့်ကြော်ပါ
  • ငါးဥရဲ့အပြင်ခွံက ပါးလွန်းတဲ့အတွက် မီးပြင်းလွန်းရင် ခနလေးနဲ့မည်းပြီး ကျွမ်းသွားတတ်ပါတယ်
  • ကြော်နေစဉ် တဖက်ကျက်မှ တဖက်ကို လှန်ပေးပါ မကျက်သေးဘဲ လှန်ပါက ဥများ ပဲ့ကုန်ပြီး အပြင်ကို ဖွာထွက်ကုန်တတ်ပါတယ်
  • ငါးဥတစ်ခုလုံး ရွှေအိုရောင်သန်းလာပြီး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်ထားသော ငါးဥကို အနေတော်လေးတွေ ပိုင်းပေးထားပါ
  • အိုးထဲမှာ ဆီဟင်းခတ်ဇွန်းကြီး တစ်ဇွန်းစာသာချန်ထားပြီး ကျန်ပိုနေတဲ့ ဆီများကို ခပ်ထုတ်ပေးပါ
  • မီးကို ခပ်အေးအေးထားပြီး ဆီပူထဲမှာချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အရင်ဆုံး ထည့်ကြော်ပါ
  • ကြော်နေစဉ် မကြာမကြာ မွှေပေးပါ ကြက်သွန်များ ရွှေဝါရောင်လေး သန်းလာတာနဲ့ ငါးဥနှင့် ငံပြာရည်ကို ထည့်ပြီးမွှေကာ မီးပိတ်ပေးပါ
  • လက်ကျန်အပူရှိန်ဖြင့် ချင်းနှင့် ကြက်သွန်ကြော်များ ကြွတ်လာအောင် ကြော်ပေးပြီး ငါးဥကြော်ကို ပန်းကန်ထဲ ထည့်ပေးပါ
  • မွှေးပြီးစိမ့်နေတဲ့ ငါးဥကြော်ကို ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment