Saturday 5 November 2016

ငါးလေးဟင်းရှမ်းရှမ်းနံအုပ် အိုးကပ်ချက်







ငါးသားပေါက်လေးတွေ ၀ယ်လို့ရလာတော့ အိမ်မှာစိုက်ထားတဲ့ ရှမ်းနံနံလေးတွေခူးကာ အိုးကပ်ချဉ်ငံစပ်လေး ချက်ဖြစ်ဖြစ်ပါတယ်။

ပုဇွန်အကွေး ငါးအနွေး ဆိုသလိုပါဘဲ ငါးမြုပ်ရုံ ရေတရည်လောက် ထည့်ချက်ပြီး ဆီပြန်အိုးကပ်တာနဲ့ ကျက်တဲ့ဟင်းလေးဖြစ်လို့ လွယ်ကူမြန်ဆန် ချက်ရလွယ်ကာ ထမင်းမိန်စေတဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးလေးသားပေါက် - 500 g
  2. ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ရှမ်းနံနံ - နှစ်သက်သလောက်
  8. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်နှင့်ပါဝင်ပစ္စည်းများ ပြင်ထားရန်

  • ငါးလေးသားပေါက်များကို ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ရေစင်အောင် ဆေးပေးပါ
  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးလေးသားပေါက်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
  • မကျည်းသီးမှည့်အနှစ်ကို ပြင်ထားပါ
  • ရှမ်းနံနံကို ရေစင်အောင်ဆေးထားပါ
  • ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ပြင်ထားပါ

ဟင်းချက်ရန်

  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထည့်မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားများ မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်အနှစ်ထည့်ပြီး ရေမခမ်းခင် အချိန်လေးမှာ ရှမ်းနံနံအုပ်ကာ ဆီပြန်ပြီး အိုးကပ်လာတဲ့အထိ တည်ပေးပါ
  • ဆီပြန်ကာ အိုးမကပ်ခင်  အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ငါးလေးဟင်း အိုးကပ်ပြီး ဆီပြန်လာပါက ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးသားလေးအိုးကပ် ဆီပြန်ဟင်းမွှေးမွှေးလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment