Sunday 13 November 2016

တောင်ငူ မုန့်ဟင်းခါး ဟင်းရည်ကျဲ





ဒီနေ့တော့ ခရီးသွားဟန်လွဲ စားခဲ့ဖူးတဲ့ တောင်ငူမုန့်ဟင်းခါးကို အခြေခံပြီး ချက်ထားတဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲလေး ချက်ဖြစ်ပါတယ်။

တောင်ငူသူ စစ်စစ်ချက်တာ မဟုတ်တဲ့အတွက် လိုအပ်တာတွေ များစွာရှိချင် ရှိနေပါလိမ့်မယ် ဒါပေမဲ့လည်း နတ်တို့ထွင်းတဲ့ ခံတွင်းဆိုသလိုပါဘဲ ခံတွင်းလိုက်ကာ အရသာကောင်းပြီး စားလို့ကောင်းအောင်တော့ ပြင်ဆင်ပြီး ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုန့်ဖတ် - 1000 g
  2. ငါးခူ - 500 g
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  5. စပါးလင် - ၃ချောင်း
  6. ချင်း -၂လက်မခန့်
  7. ငါးပိရည်ကျို အနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  8. ပုဇွန်ငပိ - မင်းစားဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ငါးပြုပ် တစ်ဝက်ငါးဆီသတ် )
  11. ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ငါးဆီသတ်ရန်)
  12. ကြက်သွန်နီ - အလုံးသေး အလုံး ၂၀ခန့် (ဆီချက်ချက်ရန်နှင့် ဟင်းရည်ထဲ ခတ်ပေးရန်)
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀ခန့် (တစ်ဝက်ဆီချက် တစ်ဝက်ငါးဆီသတ်ရန် )
  14. ကောက်ညှင်းပေါက်ပေါက် ဆန်လှော်မှုန့် - လိုသလောက်
  15. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  16. ပဲကြော် - လိုသလောက်
  17. ပဲသီး - လိုသလောက်
  18. နံနံပင် - လိုသလောက်
  19. ခရမ်းချဉ်သီး - လိုသလောက်
  20. ငြုပ်သီးအလှော်မှုန့် - လိုသလောက်
  21. ကြက်ဥ - လိုသလောက် 
  22. သံပုရာသီး - လိုသလောက်
ငါးပြုပ်ရန် ပြင်ဆင်ပုံ

  • ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  • ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  • ငါးအရည်ခွံတော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေဆေးထားသော ငါးခူ ပုဇွန်ငါးပိ ငါးပိရည်ကျိုအနှစ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်  စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ
  • အသားနွှင်ထားသော အရိုးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားပါ
ငါးဆီသတ်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ 
  • ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်ကို ထည့်မွှေပေးပါ
  • ဆီသတ်နံ့ သင်းလာပြီ ဆိုတာနဲ့ မီးပိတ်ပေးထားပါ။
ဟင်းရည်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် ရေ ၃လီတာခန့်ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ
  • ရေဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပေးပါ
  • ကြက်သွန်နီဥထည့်ပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပြီ ဆိုရင်တော့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ တောင်ငူမုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။
ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်များ အ၀ါရောင် သန်းလာပါက ဆီပြီးဆီစစ်ထားပါ
  • ဆီချက်အေးသွားတော့မှ ကြက်သွန်ကြော်နှင့် ပြန်ရောထားပေးပါ
ကောက်ညှင်းပေါက်ပေါက် ဆန်လှော်ထောင်းရန်
  • ကောက်ညှင်းစပါးကိုလှော်ပြီး ရလာသော ပေါက်ပေါက်ကို မညက်တစ်ညက်လေး ရလာအောင် ထောင်းထားပါ။
မုန့်ဟင်းခါးနှင့် တွဲဖက်စားရန်
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပူစီနံကို ရေဆေးပြီး ပြင်ထားပါ
  • ပဲတောင့်ရှည်ကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် ပြင်ထားပါ
  • ကောက်ညှင်းဆန်လှော်မှုန့် ပြင်ထားပါ
  • ကြက်သွန်ဖြူဆီချက် ပြင်ထားပါ
  • မုန့်ဖတ်ကို ပြင်ထားပါ
  • ဘဲဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဟင်းရည်ကို ပူပူလေး ဖြစ်အောင် ပြင်ထားပေးပါ
  • လိုအပ်သော ပါဝင်ပစ္စည်းများ ပြင်စဉ်ပြီးပါက မိမိတို့ နှစ်သက်သလို စားသုံးနိုင်မည့် တောင်ငူ မုန့်ဟင်းခါးကို ရပါပြီ။

No comments:

Post a Comment