ဗီယက်နမ်ဈေးကို သွားရင်းက ပြည်ကြီးငါး သေးသေးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပါတယ် ပြည်ကြီးငါးလို့ ဆိုရပေမဲ့ အကောင်အကြီးကြီးတွေ မဟုတ်ဘဲ သေးသေးတွေမို့လို့ ဒီနေ့တော့ ချဉ်ချဉ်ငံငံ စပ်စပ်လေးဘဲ ထောင်းပါတယ်။
တစ်ခါတေလေ ထမင်းမစားဘဲ သူ့ကြီးဘဲ ရေနွေးကြမ်းလေးနဲ့ စားရတာကို အရသာတွေ့သလိုလဲ ခံစားရတဲ့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပြည်ကြီးငါး - 300 g
- ဂေါ်ဖီ - အနေတော် တစ်ခြမ်း
- မုံလာဥနီ - အနေတော် တစ်ဥ
- ငရုတ်သီး အခြောက်တောင့် - ၅တောင့်
- ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
- အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပြည်ကြီးငါးပြုပ်ရန်)
- သံပုရာသီး - တစ်လုံး (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြည်ကြီးငါး သန့်စင်ပုံ
- ပြည်ကြီးငါး ကိုယ်လုံးထဲမှ သည်းခြေအိတ် ပလပ်စတစ်ပြားနှင့် အစာအိတ်တို့ကို ဖယ်ပေးပါ
- သည်းခြေအိတ်ကို ထုတ်ရာမှာ ပေါက်မထွက်သွားအောင် သတိထားပြီး ထုတ်ပေးပါ
- ပြည်ကြီးငါးရဲ့ ခေါင်းပိုင်းဖက်မှ မျက်စေ့နှင့် သွားနေရာတို့ကို ဖယ်ပေးပါ
- မလိုတာတွေ ဖယ်ပြီးတာနဲ့ ရေစင်အောင် ဆေးပေးကာ ရေစစ်ထားပါ
- အနေတော် အိုးထဲမွာ ဆားနှင့်ရေကိုထဲ့ပြီး ဆူအောင်တည်ပေးပါ
- ရေဆူတာနဲ့ ပြည်ကြီးငါးကို သုံးမိနစ်လောက် ထဲ့ပြုပ်ပေးပါ
- ပြုပ်ပြီးတာနဲ့ ရေနှင့်ဆေးပြီး ရေစစ်ထားပါ
ပြင်ဆင်ပုံ
- ပြည်ကြီးငါး သန့်စင်ပြီးသားကို ပြင်ထားပါ
- မုံလာဥနီကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင် လှီးထားပါ
- ဂေါ်ဖီကို မထူမပါးလှီးပေးပြီး ရေများများနဲ့ ဆေးကာ ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
ထောင်းရန်ပြင်ဆင်ပုံ
- ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်နှင့် ဆားတို့ကိုထည့်ပြီး မညက်တညက် ထည့်ထောင်းပါ
- ပြီးတာနဲ့ မုံလာဥနီနှင့် ဂေါ်ဖီတို့ကို ထည့်ထောင်းပေးပါ
- အနည်းငယ် သမသွားတာနဲ့ ငံပြာရည်နှစ်မျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
- ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
- မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ
- ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ
- သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ်ဖွဖွလေး ထောင်းပေးမှ အရသာ၀င်ပါတယ်
- သင်္ဘောသီး ထောင်းတယ်ဆိုပေမဲ့ အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခပ်ဖွဖွထောင်းလိုက် ဇွန်းနဲ့မွှေလိုက် လုပ်ပေးရပါတယ်
- အေရသာ သမလောက်ပြီဆိုတာနဲ့ ပြည်ကြီးငါးနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ်ဖွဖွလေး ၄ချက်လောက် ထောင်းပေးပါ
- ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရာ ရတဲ့အထိ ပြင်ပေးပါ
- ပြီးတာနဲ့ ပြည်ကြီးငါးထောင်း ချိုချဉ်ငံစပ်လေးကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်ကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment