ဆိတ်အူလေးတွေ ဝယ်လာပြီး မြန်မာနည်းလေးနဲ့ ပြုပ်သောက်တာ ရိုးသွားလေတော့ ဒီတစ်ခါ ဗီယက်နမ် pho အနှစ်နဲ့ ထဲ့ပြုပ်ထားကာ ခပ်စပ်စပ်လေး ပြုပ်သောက်ဖြစ်ပါတယ်။
ချဉ်ငံစပ်လေးနဲ့ မွှေးမွှေးလေးမို့လို့ ခပ်ပူပူလေး သောက်ရတာ အရမ်းဘဲ အရသာ ရှိတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ ဆိတ်အူပြုပ် နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆိတ်အူ - 300 g
- ချင်း - တစ်လက်မခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာခန့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
- စပါးလင်အရွက် - ဆယ်ရွက်ခန့်
- Pho အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
- နံနံပင် - စားနိုင်သလောက်
- ပူစီနံ - မိမိနှစ်သက်သလောက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- မုန့်ဟင်းခါးဖတ် - မိမိနှစ်သက်သလောက်
- ကြက်သွန်ဖြူ ဆီချက်ဖတ် - မိမိနှစ်သက်သလောက်
- သံပုရာသီး - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- မုန့်ဟင်းခါးဖတ်နှင့် ကြက်သွန်ဖြူ ဆီချက် တို့ကို ပြင်ထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ပူစီနံကို ရေဆေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- သံပုရာသီးကို အလုံးလိုက် ရဆေးကာ အစိတ်လေးတွေ လှီးထားပါ
- ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
- စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
- စပါးလင်အရွက်များကို ရေဆေးပြီး အထုံးလေး ထုံးပေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
- ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း နှင့်စပါးလင်တို့ကို ညက်နေအောင် ထောင်းပေးပါ
- ဇောက်နက်သော အိုးထဲမှာ ဆိတ်အူများကို ထည့်ပေးပြီ ဆီ စပါးလင်ရွက်အထုံး phoအနှစ် ငရုတ်ကောင်းမှုန့် ငရုတ်သီးထောင်း ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ
- အရသာ ဝင်သွားလောက်တာနဲ့ ရေအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာပြီးပါက အကျက်ညီစေရန် မွှေပေးပါ
- ဆိတ်အူများ မာလာတာနဲ့ ရေကိုမိမိ လိုသလောက်ထည့်ပေးပြီး ဟင်းအိုးကို ဆက်တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပြီး လိုသလို ပြင်ပေးပါ
- ဟင်းရည်အရသာ အနေတော် ရပြီဆိုတာနဲ့ ပန်းကန်တစ်လုံးထဲမှာ မိမိစားနိုင်သလောက် မုန့်ဟင်းခါးဖတ် ကြက်သွန်ဖြူ ဆီချက်ဖတ် ငရုတ်သီးစိမ်း သံပုရာရည် နံနံပင်နှင့် ပူစီနံတို့ ထည့်ပေးကာ ဟင်းရည်ထည့်ပေးပြီး သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment