ဒီနေ့တော့ ပုဇွန်ခေါင်းချိုး လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပဲငပိကို ချဉ်ချဉ်ငံငံ စပ်စပ်လေး ချက်ဖြစ်သွားပါတယ် ထမင်းစားလို့ မြန်စေတဲ့ ဟင်းလေးတစ်မယ်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲငပိ အစပ်ဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ခေါင်းချိုး - တစ်ဆယ်သား
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
- ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
- ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း သုံးဇွန်း
- ခရမ်းချဉ်သီး - အနေတော် ၅လုံး
- ပဲငပိ - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
- ပုဇွန်ကို ရေစင်အောင်ဆေးပြီး ခေါင်းနှင့်အမြှီးများ ဖြုတ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ငရုတ်သီးအကြမ်းမှုန့်ကို အဆင်သင့် ပြင်ထားပါ။
- ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို မညက်တစ်ညက် ရောထောင်းပေးထားပါ
- ပဲငပိကို ပြင်ထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ
- ဆီပူလာတာနဲ့ ငရုန်သီးထောင်းကို မိနစ်၀က် မရှိတရှိကြော်ပေးပါ။။
- ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီး အခွံများ လိတ်သွားတဲ့ထိ ချက်ပေးပါ။
- ခရမ်းချဉ်သီးများ ကျေသွားတာနဲ့ ပုဇွန်ကိုထည့်ပြီး ၂မိနစ်လောက်မွှေပါ။
- ပြီးတာနဲ့ ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် ပဲငပိနှင့် အချိုမှုန့်ကို ထည့်မွှေပါ။
- ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ အရမ်းမခမ်းခင် ငရုတ်သီးစိမ်း ထည့်မွှေကာ အရသာမြည်ပြီးး လိုသလိုပြင်ပေးပါ။
- ပြီးတာနဲ့ မီးပိတ်ပေးကာ ချဉ်ချဉ်ငံငံစပ်စပ် ရှမ်းပဲငပိချက် မွှေးမွှေးလေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ ။ ပဲငပိကို အချိုသုံးပါက အငံအရသာအတွက် ငံပြာရည်ထည့်ပေးပါ မာမာကတော့ ပဲငပိအငံကို သုံးထားတဲ့အတွက် ငံပြာရည် ထည့်မထားပါ။
No comments:
Post a Comment