ဒီနေ့တော့ သတ်သတ်လွတ် စားတဲ့သူတွေလဲ အဆင်ပြေစွာ စားနိူင်အောင်ရယ် အရန်ဟင်းတစ်မယ်အတွက် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိူင်အောင်ရယ်အတွက် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ နာနာတ်ရည်ဆမ်း အစိမ်းကြော် ကြော်နည်းကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပဲပြား - 100 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- မုံလာဥနီ - အနေတော် တစ်ဥ
- ဘေဘီပြောင်းဖူး - ငါးဖူး
- ပန်းဂေါ်ဖီ - အနေတော် ၃ခက်
- ရွှေပဲသီး - ၁၅တောင့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း ၂ဇွန်း
- နာနတ်ရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ချိုချဉ်ကြော်ရန်)
အရသာစပ်ရန်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
- နာနတ်ရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
- တို့ဟူးကို ရေတစ်ထပ်ဆေးပြီး မိမိနှစ်သက်တဲ့ ပုံစံရအောင် လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
- ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော် အခက်လေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
- ဘေဘီပြောင်းဖူးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ လေးစိတ်စိတ်ထားပါ
- ရွှေပဲသီးကို အကြောသင်ပေးပြီး အတောင့်လိုက် ရေဆေးကာ ထက်ဝက်ပိုင်းထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ပဲပြားကို အရင်ဆုံး ထည့်ကြော်ပေးပါ
- ပဲပြား အနည်းငယ် မာလာပါက ကျန်နေသော အသီးအရွက်မျာကို ထည့်မွှေပေးပါ
- အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
- အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲ ကြော်ပေးပါ
- အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ချဉ်ဖြုံ့ ဖြုံ့လေးနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ သတ်သတ်လွတ် ပဲပြားအစိမ်းကြော်လေး ရပါပြီ။
No comments:
Post a Comment