အသီးအရွက်လေးတွေ ပေါ်ချိန်ဆို အချဉ်တည် ရတာတို့ အခြောက်လှန်းတာတို့ လုပ်ရတာကို မပျင်းမရိ မရိလုပ်တတ်တဲ့ ဝါသနာလေးတွေကြောင့် ဒီနေ့တော့ ကြံမဆိုင်လုပ်နည်း နောက်တစ်နည်းနဲ့ လုပ်ထားတာ ရသွားပြီမို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မုန့်ညှင်းစိမ်း - အပင်ကြီးကြီး နှစ်ပင်
- ဆား - ထမင်းစားဇွန်း သုံးဇွန်း မောက်မောက်
- ချင်းတက်- နှစ်လက်မခန့်
- ရေ - ငါးလီတာ
- ကျိုပြီး အရွက်ပြုပ်ပြီးသား ရေနွေး - တစ်လီတာသာသာ
- ပုလင်းသန့်သန့် - တစ်လုံး
- မုန့်ညှင်းစိမ်း အရွက်များကို ရေစင်အောင် ဆေးပေးပြီး ရေစစ်ထားပါ
- အပင်လိုက် အချဉ်တည်မှာဖြစ်လို့ အပင်ရဲ့ အရင်းပိုင်းမှ အရွက်များရဲ့  ကြားထဲကို သေသေချာချာ ဆေးပေးပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ကျေသွားအောင် ထုပေးထားပါ
- အရွက်များ ရေစစ်ပြီ ဆိုတာနဲ့ ဇောက်နက်သော အိုးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
- ရေနွေးပက်ပွက် ဆူလာတာနဲ့ အရွက်များကို နှစ်မိနစ်လောက် ထည့်ပြုပ်ပေးပါ
- ရေနွေးနှင့် ပြုပ်စဉ် တစ်ပင်လုံးကို ပြုပ်မိစေရန် မုန့်ညှင်းစိမ်းပင်ကို အထက်အောက် လှည့်ပေးပါ
- ပြီးတာနဲ့ ရေနွေးထဲမှ ဆယ်ပေးပြီး ရေအေးနှင့် ဆေးပေးပါ
- အရွက်ပြုပ်ထားသော ရေနွေးထဲမှ တစ်လီတာသာသာလောက် ချန်ထားကာ ရေနွေးလက်ကျန် အိုးထဲကို ဆားထည့်ပြီး ပျော်အောင် မွှေပေးကာ အအေးခံထားပါ
- အရွက်များ အချဉ်တည်နေစဉ် အူလည်လည် မဖြစ်စေရန် ဆားကို ခပ်ငံငံလေး ထည့်ပေးပါ
- ဆားရည်နှင့် အရွက်များ အေးသွားတာနဲ့ ပုလင်းသန့်သန့်ထဲမှာ ပုံပါအတိုင်း အပင်လိုက် ဖိထည့်ပေးပါ
- အပင်တစ်ပင်ထည့်လိုက် ချင်းတစ်ထပ်ထည့်လိုက် ထည့် ပေးပါ
- အရွက်များ ထည့်ပြီးတာနဲ့ ဆားရည်များ ထည့်ပေးပြီးပါက အရွက်များ မြုပ်သွားအောင် ဇွန်းသန့်သန့်နှင့် ဖိဖိပေးပါ
- ပိုနေသောဆားရည်ကို သွန်မပြစ်ဘဲ သိမ်းထားပါ
- သုံးရက်လောက်နေရင် ပုလင်းကို ဖွင့်ကြည့်ပြီး ဆားရည်အခြေ အနေကို ကြည့်ပေးပါ
- မုန့်ညှင်းပင်ထဲကို ဆားရည်လေးတွေ စိမ့်ဝင်လာပြီး အရွက်များ ရေပေါ်ပေါ်လာခဲ့ရင် အရွက်များ မြုပ်သွားအောင် ဇွန်းသန့်သန့်နဲ့ ဖိဖိပေးပြီး အဖုံးလုံအောင် ပြန်ပိတ်ထားပေးပါ
- အရွက်နှင့်ဆားရည် ထည့်ပေးပြီးတာနဲ့ ပုလင်းကို လေလုံအောင် ပိတ်ထားပြီး အခန်းအပူချိန်အတိုင်း ထားပါက ၁၀ရက်လောက်ဆို ရပါပြီ
- ရာသီဥတု ပူရင်တော့ နေပူထဲမှာ ပြပေးရင် ၈ရက်လောက်ဆို ရပါပြီ
- ထားရမည့် ရက်ပြည့်တာနဲ့ မိမိနှစ်သက်သလို ပြင်ဆင်ပြီး ချက်ပြုပ်နိုင်မည့် ကြံမဆိုင် ချဉ်ချဉ်မွှေးမွှေးလေးကို ရပါပြီ။
မှတ်ချက် ။ ။ အသီးအရွက်များ အချဉ်တည်တော့မယ်ဆိုရင် ပုလင်းကို သန့်နေအောင် ဆေးထားပြီး အချဉ်တည်မဲ့ အသီးအရွက်များကို ပုလင်းထဲမှာ ကြပ်သိပ်နေအောင် ထည့်ပေးပါ။
No comments:
Post a Comment