Monday, 5 December 2016

ပြည်ထမင်းသုပ်






အသုပ်ဟေ့လို့ ဆိုလိုက်ရင် အသားဟင်း မလိုအောင်ကို စားလို့ကောင်းလို့ မကြာမကြာ သုပ်စားဖြစ်ပါတယ် ဒီတစ်ခါတော့ ပြည်ကသူငယ်ချင်း ပြောပြတဲ့ နည်းအတိုင်း သုပ်စားဖြစ်တဲ့ ပြည်ထမင်းသုပ် သုပ်နည်းလေး သုပ်စားဖြစ်ပါတယ်။

သူငယ်ချင်း ပြောတဲ့နည်းအတိုင်း သုပ်ထားပေမဲ့ လိုအပ်နေတဲ့ အမယ်တွေလဲ ပါကောင်းပါနိုင်ပါသေးတယ် အဲဒီလိုဘဲ အသုပ်သုပ်နည်းလေးများ လွဲချော်ခဲ့ရင်တော့ သိတဲ့နည်းလေးကို ပြန်လည်မျှဝေ ပေးတာဖြစ်တဲ့အတွက် နားလည်ပေးစေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် - 50 g
  2. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတပုံ (ဆီချက်ချက်ရန်)
  6. ဆီ - လိုသလောက် သုံးပေးပါ
  7. အရသာမှုန့် - လိုသလောက်
  8. ကြက်သွန်ဖြူ ဆီချက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  9. မကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  10. ငါးငံပြာရည် - လိုသလောက်
  11. ဂေါ်ဖီ - အနေတော် တစ်ခြမ်း
  12. ကြက်သွန်ဖြူ (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  13. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငရုတ်ကောင်းမှုန့် ငါးစေ့ခန့်
  15. ဂေါ်ဖီ - အနည်းငယ်
ထမင်းချက်ရန်
  1. ဆန်ကိုရေနှစ်ထပ်ခန့်ဆေးကာ ပုံမှန်ထမင်းချက်သည့်အတိုင်း ချက်ပေးပါ
  2. ထမင်းကျက်တာနဲ့ အအေးခံထားပါ
အာလူးပြုပ်ရန်
  1. အာလူးကို ရေဆေးပြီး ဇောက်နက်သော အနေတော် အိုးထဲမှာ ထည့်ပေးပါ
  2. ပြီးတာနဲ့ အာလူးကို ရေမြုပ်အောင်ထည့်ပြီး အာလူးနူးအောင် ပြုပ်ပေးပါ
  3. အာလူးနူးတာနဲ့ အခွံခွာပြီး မထူမပါူလေးတွေ လှီးပေးပါ

ကြာဇံပြုပ်ရန်
  • ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားကာ ရေစစ်ထားပြီး ဇလုံတစ်လုံးထဲမှာ ထည့်ပေးထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစစ်ထားသော ကြာဇံဇလုံထဲကို ရနွေးပူပူ လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက်ကြာတာနဲ့ ရေနွေးကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
ဆီချက် ချက်ရန်
  • ကြက်သွန်ဖြူငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း ဇွန်းနှစ်ဆယ်စာလောက်ထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ ဆီထဲကို နနွင်းမှုန့်ထည့်ပေးကာ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ဆီကိုလဲ အအေးခံကာ ဆီချက်အေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်ကာ မီးအေးအေးနှင့် တည်ထားပါ
အသုပ် တစ်ပွဲစာပြင်ရန်
  • အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာနှင့် စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ထမင်း ဂေါ်ဖီ အာလူးနှင့် ပဲကြာဇံတို့ကို တစ်ပွဲစာ ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ မကျည်းရည် ထမင်းစားဇွန်း တစ်ဝက်သာသာ တို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • ပဲကြာဇံထမင်းသုပ် အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • အသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment