ရာသီဥတု ပူနေလေတော့ ထမင်းစားရတာ မမြိန်ချင် ဒီတော့လဲ ကြံဖန်ပြီး ထမင်းစားလို့ မြိန်အောင် ချက်ရပြန်တာပါဘဲ ဒီနေ့တော့ ကြက်သားကို ကြက်ဥအကာ တန်ပူရာမှုန့်တွေနဲ့ ရောသမလို့ ကြက်စာဥလေး ကြော်လိုက်ပါတယ် ကြက်စာဥကြော်နဲ့ ကြက်သားလုံး ကြာဇံဟင်းခါးနဲ့က လိုက်ဖက်တဲ့ ဟင်းလေးမို့လို့ ချက်စားကြည့်စေချင်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား - 250 g
- တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တစ်ဆစ်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်ဥ - တစ်လုံး
- ဆီ - လိုသလောက် သုံးပေးပါ
- ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
- ကြက်သားကို အရိုးထွင်ပြီး လက်သည်းခွံသာသာ အတုံးလေးများ တုံးပေးပါ
- ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ
- ငရုတ်ကောင်းကို ညက်နေအောင် ထောင်းပေးပါ
- ကြက်ဥကိုအနှစ်ဖယ်ပြီး အကာကို ဖွးဖွားပါအောင် ခေါက်ထားပေးပါ
- ကြက်သားကို ဆား အရသာမှုန့် ချင်း ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့နဲ့နယ်ပေးထားပါ
- နှစ်သက်ရာ တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပြစ်ပြစ် ဖျော်ထားပါ
- အရသာနယ်ထားသော ကြက်သားတုံးလေးများကို ခလောက်ထားသော ကြက်ဥအကာထဲမှာ လူးပေးပါ
- ဖျော်ထားသော မုန့်နှစ်ထဲသို့ ကြက်ဥနှင့် အရသာ နယ်ထားသော ကြက်သားကို ထဲ့ဖျော်ပေးပါ မုန့်နှစ် အရမ်းပြစ်နေရင် ရေနည်းနည်း ထပ်ရောပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားကို တစ်တုံးခြင်း မုန့်နှစ်ပါအောင် ဇွန်းနှင့် ခပ်ပြီးကြော်ပေးပါ
- ကြော်နေစဉ် အကျက်ညီစေရန် ကြက်ကြော်များကို လှန်လှန်ပေးပြီး အတုံးလေးများ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက အရသာရှိသော ကြက်စာဥကြော်ကို ဟင်းခါးဟင်းရည်နှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment