Thursday, 13 April 2017

မျှစ် ချဉ်ငံစပ်ဟင်း









ဆောင်းရာသီ ၀င်လာခဲ့ပြီဆိုတော့ ပူပြီးစပ်နေတဲ့ ဟင်းလေးတွေ စားချင်စိတ်က ပေါ်လာခဲ့ပြန်တယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ပူပြီးချဉ်ငံစပ်နေတဲ့ မျှစ်ချဉ်ငံစပ်ဟင်းလေး ချက်ဖြစ်သွားတယ် ချက်ရတာ အရမ်းလွယ်ပြီး ဆီမပါတဲ့ ဟင်းလေးမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မျှစ်နုနု - တစ်ထုတ် (500 g )
  2. ပုစွန်ထုတ် - အကောင်ကြီးကြီး သုံးကောင်
  3. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက် 
  4. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  5. နံနံပင် - နှစ်သက်သလောက်
  6. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပြုပ်ပြီးသား မျှစ်နုနုများကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုပ်ပေးပါ
  • မျှစ်နုများက တခါတရံ ခါးသက်တတ်တဲ့အတွက် ပထမ တစ်ရည်ဆူပြီးပါက သွန်ပြစ်ကာ နောက်တစ်ရည် ထပ်ထည့်ပြီး ဆူအောင်တည်ကာ ရေဆေးထားပါ 
  • အရသာ ၀င်စေရန် နည်းနည်းရင့်နေတဲ့ အရင်းပိုင်းလေးတွေ အပေါ်မှ ဓါးချွန်လေးနှင့် လေးစိတ် ဓါးရာပေးကာ ဖောက်ပေးပါ
  • ပုဇွန်ထုတ်ကို ရေအနည်းငယ်ထည့်ပြီး လှော်ကာ အခွံခွာထားပါ
  • ငရုတ်သီးစိမ်း ပုဇွန်ငပိ ပုဇွန်လှော်တို့ကို ရေမြုပ်အောင်ထည့်ပြီး ငရုတ်သီးစိမ်း နူးအောင် ပြုပ်ပေးပါ
  • ငရုတ်သီးစိမ်း နူးလာတာနဲ့ ပုဇွန်နှင့် ငရုတ်သီးစိမ်းများကို အရည်စစ်ပေးကာ ရောပြီးထောင်းပေးပါ
  • နံနံပင်ကို ရေဆေးပေးထားပါ
  • မန်ကျည်းမှည့်အနှစ်ကို ပြင်ထားပေးပါ
  • မျှစ်အိုးထဲကိုနနွင်းမှုန့် အရသာမှုန့် ငရုတ်သီးစိမ်း ပြုပ်ထားသော အရည် ထောာင်းထားသော ပုဇွန်ငရုတ်သီးစိမ်းထောင်း ငံပြာရည်နှင့် ရေတို့ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ မကျည်းမှည့်အနှစ်ထည့်ကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရေအနေအထား လိုချင်သလောက် ရပြီဆိုတာနဲ့ နံနံပင်အုပ်ကာ ပူပူစပ်စပ် ချဉ်ငံစပ်နေတဲ့ မျှစ်ချဉ်ငံစပ်ချက် ဟင်းပွဲကို ပြင်ပေးနိုင်ပါပြီ။

Wednesday, 12 April 2017

ခေါပြင် စိမ့်စိမ့်လေး
















ဒီနေ့မနက်စောစော ကော်ဖီနဲ့သောက်ချင်တာနဲ့ ခေါပြင်မုန့်လေး လုပ်ဖြစ်သွားပါတယ် အချိုမစားဘဲ အစိမ့် နှစ်သက်သူတွေ အကြိုက်တွေ့မဲ့ မြန်မာမုန့်ပဲသရည်စာ တမျိုးပါ။

ခေါပြင်လို့ ပြောလိုက်ရင် မာမာတို့ငယ်ငယ်က မြောင်းတကာ ဈေးထဲမှာ တနေ့တခါမှ မစားရရင် ဈေးသွားရတာ မတန်တဲ့ မုန့်မျိုးပါ။

တခု ၁၅ပြားပေးရတယ် ကလေးဆိုတော့ ၁၅ပြားဖိုးဝယ်ပြီး ဘေးအနားသားလေးတွေ အဆစ်တောင်းသေးတာ အဲဒီကြီးကြီးကလဲ သဘောကောင်းတာမှ အရမ်း ကိုယ့်တွေ့တာနဲ့ ဆီသုတ်ထားတဲ့ ငှက်ပျောဖက်ထဲမှာ ဝယ်တာ ၁၅ပြားဖိုးကို ဘေးအနားသား ညှပ်ထားတာက လက်တဆုတ်ကြီးကို ထည့်ပေးထားပြီးသားပါဘဲ။

တခါတလေ စကားရောဖောသောနဲ့ ကပ်ကြေးနဲ့ ညှပ်လိုက်လို့ ပဲ့ကြသွားတဲ့ အုန်းသီးဖတ်လေးတွေကို မြည်းမယ်နော်ဆိုပြီး မုန့်ရောင်းတဲ့ ကြီးကြီး ပေးပေးမပေးပေး ဆတ်ခနဲ ယူစားလိုက်တာက ပါသေးတာပေါ့။

အဲဒီမုန့်မျိုးက ငယ်ငယ်ကသာ စားခဲ့ရပြီး အခုနောက်ပိုင်း မစားရတာ ကြာခဲ့ပြီ ဒီနေ့တော့ ကိုယ့်ဘာသာကို လုပ်စားရင်း သာယာပါတယ်လေ ခေါပြင်မှ ခေါပြင်အစစ်ပါ မယုံရင် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  3. ဆီ - အနည်းငယ် 
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ မရှိတရှိ
  5. အုန်းသီးစိတ်- နှစ်သက်သလောက်
  6. နှမ်းလှော် - နှစ်သက်သလောက်
  7. မြေပဲလှော်ထောင်း - နှစ်သက်သလောက်
  8. စဥ့်နီတုံး သန့်သန့် - တစ်ချပ်
  9. မုန့်သားလှိမ့်ရန် ဒလိမ့်တုန်း - တစ်ခု

ပြင်ဆင်ပုံ
  • နှမ်းကို လှော်ထားပါ (သို့မဟုတ်) လက်ဖက်စား နှမ်းလှော်ကို သုံးလဲရပါတယ်
  • မြေပဲလှော်ကို အခွံခြွတ်ပြီး မညက်တညက် ထောင်းထားပါ
  • အုန်းသီးကို ခပ်ပါးပါးလေးတွေ စိတ်ပေးထားပါ
  • မုန့်လုပ်ရာတွင် သုံးမည့် စဥ့်နီတုံး သို့မဟုတ် ပန်းကန်ပြားနှင့် ဒလိမ့်တုံးကို ဆီသုတ်ပြီး အဆင်သင့် ပြင်ထားပါ
  • မုန့်ညှပ်ရန် ကပ်ကြေးကိုလဲ ဆီသုတ်ထားပါ
  • ဇလုံတခုထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆားကို ထည့်ပေးပါ
  • ထိုကောက်ညှင်းမှုန့်ထဲကို ရေနည်းနည်းခြင်း ထည့်ပေးပြီး ကောက်ညှင်းမှုန့် အိလာတဲ့အထိ နယ်ပေးပါ
  • ရေကို နည်းနည်းခြင်း ထည့်ပေးပါ အသုံးပြုမည့် ကောက်ညှင်းဆန်မှုန့်များ မတူနိုင်တဲ့အတွက် ရေလိုအပ်မှု အနည်းအများ ကွာခြားနိုင်ပါတယ်
  • ကောက်ညှင်းသား ခပ်အိအိလေး ရလာအောင် အနည်းဆုံး ၈မိနစ်လောက် နှဲပေးပါ
  • ပြီးတာနဲ့ မိမိအဆင်ပြေမည့် ပန်းကန်ပြား သို့မဟုတ် စဥ့်နီတုံးပေါ်မှာ တင်ပေးပြီး ပုံပါအတိုင်း ခပ်ထူထူလေး ပြားပေးပါ
  • အိုးတလုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေ ပွက်ပွက် ဆူပြီဆိုတာနဲ့ ခပ်ထူထူလေး ပြားထားသော မုန့်သားကို ထည့်ပေးပါ
  • မုန့်သားကြည်ပြီး ရေပေါ်ကို တက်လာတဲ့အခါ အနည်းဆုံး ၅မိနစ်လောက် ထားပေးပြီးမှ တဖက်ကို လှန်ပေးပါ
  • မုန့်သားတဖက်ကို လှန်ချိန်မှာ သစ်သားယောင်းမနဲ့ အသာလေး ဖိကြည့်ပါ
  • မုန့်သားပျော့နေမှ တဖက်ကို လှန်ပေးပါ
  • မုန့်သားမပျော့ဘဲ လှန်လိုက်ပါက အလယ်မှ ထက်ခြမ်းကွဲ သွားတတ်ပါတယ်
  • မုန့်သား နောက်တဖက် လှန်လို့ရပြီဆို လှန်ပေးပြီး နောက်ထပ် ၅မိနစ်လောက် ရေပွက်ပွက်ဆူအောင် ထားပါ
  • မိမိလုပ်သည့် မုန့်သား အထူအပါးအပေါ် မူတည်ပြီး ပြုပ်ပေးပါ
  • မုန့်သားအရောင် ကြည်လာပြီး ရေပေါ်ပေါ်လာပြီဆိုရင် မုန့်သားကို ယောင်းမနှင့် ဖိကြည့်ပါ
  • မာနေသေးရင် ပျော့လာတဲ့အထိ ထားပြီးမှ ဆယ်ပေးပါ
  • ဆယ်ပြီးတာနဲ့ ဆီသုတ်ထားသော ပန်းကန်ပြား သို့မဟုတ် စဥ့်နီတုန်းပေါ် တင်ပေးပါ
  • မုန့်သားပူနေတုန်းမှာ နှမ်းလှော် အုန်းသီး မြေပဲလှော်တို့ကို ဖြူးပေးပါ
  • ပြီးတာနဲ့ မုန့်သားကို ဒလိမ့်တုန့်နှင့် ခပ်ဖွဖွ လှိမ့်ပေးပါ
  • ဒလိမ့်တုန်းနှင့် လှိမ့်နေစဉ် မြေပဲလှော် နှမ်းလှော် အုန်းသီးစိတ်များကို ထပ်ထည့်လိုက် လှိမ့်လိုက် လုပ်ပေးပါ
  • ဒလိမ့်တုန်းနှင့် လှိမ့်တဲ့အတွက် မုန်းသားလဲ အနေတော် ပြားလာပါလိမ့်မယ် 
  • အစာပလာများ မုန့်သားထဲ ၀င်သွားပြီဆိုရင်တော့ မွှေးပြီးစိမ့်နေတဲ့ ခေါပြင်မုန့် စိမ့်စိမ့်လေးကို ဆီသုတ်ထားသော ကပ်ကြေးနှင့် နှစ်သက်သလို ညှပ်ပေးပြီး စားသုံးရန်အတွက် ပြင်ပေးနိုင်ပါပြီ။

Tuesday, 11 April 2017

ကင်ပွန်းချဉ်ရွက် ချဉ်ရည်ဟင်း




ဒီတစ်ခါတော့ ထမင်းစားလို့မြိန်စေအုံးမဲ့ ကင်ပွန်းချဉ်ရွက်ကို လွယ်ကူမြန်ဆန် ချဉ်ရည်ဟင်းလေးတစ်မယ် ချက်ပါတယ် အချိန်သိပ်မကုန်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးထွင်ပြီးသား ကင်ပွန်းချဉ်ရွက် - အနေတော် ဇကာတစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တဆစ်၏ တစ်ဝက်
  5. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်းခွဲ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ပုဇွန်ထုတ် - ၇ကောင် (ပုဇွန်ထုတ်မရှိပါက တစ်ခြား နှစ်သက်ရာ ငါးတို့ကို ထည့်ချက်နိုင်ပါတယ်)

ပြင်ဆင်ပုံ
  1. ကင်ပွန်းချဉ်ရွက် အားလုံးကို အခက်လိုက် ရေဆေးပြီး အရိုးထွင်ထားပါ
  2. ပုဇွန်ထုတ်များကို အခွံခွာပြီး ကြောဖက်မှ အနည်းငယ်ခွဲကာ အမည်းကြောင်း ထုတ်ပေးထားပါ
  3. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  4. ဇောက်နက်သော အိုးထဲမှာ ကင်ပွန်းချဉ်ရွက်များ ပုဇွန်များ နနွင်းမှုန့် ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  5. အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  6. ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  7. အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  8. ရေလဲပွက်ပွက်ဆူ အရွက်များလဲ နူးလာပြီ ဆိုရင်တော့ ရေကို တစ်မိနစ်လောက် ထပ်ဆူအောင် ထားလိုက်ပါ 
  9. ပြီးတာနဲ့ အရသာမြည်း၍ မိမိနှစ်သက်သော အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ
  10. ချဉ်ရည်ဟင်းက ချဉ်နေသေးတယ် ဆိုရင်တော့ ဆားက ဟင်းရည်အချဉ်ကို ပိုစူးစေတဲ့အတွက် ဆားမထည့်ဘဲ ငံပြာရည်ဘဲ ထည့်ဖို့သတိပြုပါ
  11. လိုအပ်တဲ့ အရသာ ပြင်ပေးပြီးရင်တော့ ချဉ်ငံစပ် အရသာ မွှေးမွှေးလေးနဲ့ ကင်ပွန်းချဉ်ရွက် ချဉ်ရည်ဟင်းရပါပြီ
  12. ငရုတ်သီးဆားထောင်းနဲ့ အရမ်းလိုက်ဖက်တဲ့ ချဉ်ရည်ဟင်း တစ်မယ်အတွက် စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။

Monday, 10 April 2017

ဆိတ်သားချောင်းကြော် ကော်ပြန့်စိမ်း





ဆိတ်သားချောင်း ကြော်ချက်ဟင်းလေးနဲ့ အသီးအရွက်တွေလှီးပြီး ကော်ပြန့်စိမ်း လုပ်စားဖြစ်သွားပါတယ် ဆိတ်သားချောင်း ကြော်ချက်နည်းကတော့ မာမာတင်ထားပြီးသားမို့ လွယ်ကူမြန်ဆန်တဲ့ ကော်ပြန့်စိမ်းလိပ်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြော်ချက် ချက်ပြီး အအေးခံကာ အဆင်သင့်ပြင်ထားသော - ဆိတ်သားကြော်ချက်ဟင်း
  2. ရေဆေးပြီး ပုံပါအတိုင်း လှီးထားသော - မုံလာဥနီ
  3. ရေဆေးပြီး ပုံပါအတိုင်း လှီးထားသော - ဂေါ်ဖီအကြွတ်ရွက်
  4. ရေဆေးထားသော - ဆလတ်ရွက်
  5. Rice paper - ၁၂ရွက်

ပြင်ဆင်ပုံ
  • ကြော်ချက် ချက်ထားသော ဆိတ်သားချောင်းကြော် အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး စက္ကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိစိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက် တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ဆန်ပြားရွက်ပေါ်မှာ ဆလတ်ရွက်တရွက်နှင့် မုန်လာဥနီကို ခင်းပေးပါ
  • ကြော်ချက် ချက်ထားသော ဆိတ်သားကြော်ချက်ဟင်း ၃ခုကို ဆလတ်ရွက် အပေါ်တင်ပြီး ပုံပါအတိုင် လိပ်ပေးပါ 
  • အစာများ ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
  • Tomato sauce ထမင်းစားဇွန်း ၂ဇွန်း
  • Chili sauce ထမင်းစားဇွန်း ၂ဇွန်း 
  • သကြား လက်ဖက်ရည်ဇွန်း တဇွန်း
  • ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ
အချဉ်ရည် ပြင်ပြီးတာနဲ့ ဆိတ်သားချောင်း ကော်ပြန့်စိမ်းနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Sunday, 9 April 2017

ဆွမ်းမွှေး ကြက်သားကြော်








ဒီတခါတော့ ဆွမ်းမွှေးရွက်တွေ ၀ယ်ထားတာ မုန့်လုပ်စားလဲ မကုန်နိုင် ကြာရင်လဲ လွှင့်ပြစ်ရမဲ့ အခြေအနေဆိုတော့ ကြက်သားကို ဆွမ်းမွှေးရွက်နဲ့ထုတ်ပြီး ကြော်စားဖြစ်ပါတယ် သမင်မွေးလိုက် ကျားစားလိုက်နဲ့ ဓါတ်ပုံရိုက်ဖို့ မနည်းချန်ရတဲ့ အဖြစ်လေးပါ စားလို့ကောင်းလွန်းတဲ့အတွက် မာမာကြော်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင် - ခပ်ကြီးကြီး လေးခု
  2. ဆွမ်းမွှေးရွက် - လိုသလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  7. cooking wine - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ချင်း - လက်တစ်ဆစ်ခန့်
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆီ - လိုသလောက်

ပြင်ဆင်ပုံ
  • ကြက်ပေါင်ကို ရေဆေးပြီး အလယ်ရိုးကို ထွင်ပေးကာ အသားကို အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ညက်အောင်ထောင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ကြက်သားပန်ကန်ထဲမှာ ဆွမ်းမွှေးရွက်ကလွဲပြီး အားလုံးထည့်ပြီး သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီဆိုတာနဲ့ နာရီဝက်လောက် အရသာဝင်အောင် နှပ်ပေးထားပါ
  • အရသာ နှပ်ထားချိန် ပြည့်တာနဲ့ ဆွမ်းမွှေးရွက်ကို ပြင်ပေးပါ
  • ဆွမ်းမွှေးရွက်ကို အရင်းပိုင်းဖက်က အတိုထားပြီး ကန်တော့ချွန် ပုံစံခေါက်လိုက်ပါ
  • ထိုအထဲမှာ အသားတစ်တုံးကို ထည့်ပေးပြီး ပါတ်ပေးပါ
  • တစ်ပါတ်ပါတ်ပြီးတိုင်း ထုတ်ထားသော အရွက်များ ပြည်မသွားစေရန် ပထမ ပါတ်ထားသော အရွက်ခေါက်ထဲကို ထိုးထည့်ကာ အရွက်အသား ကုန်တဲ့အထိ ထိုနည်းအတိုင်း ပါတ်ပေးပါ
  • အရသာ နယ်ထားသော ကြက်သားကုန်တဲ့အထိ ထုတ်ပေးပါ
  • အားလုံးပြီးတာနဲ့ ဆီကိုဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပေးပြီးမှ ဆွမ်းမွှေးကြက်သားထုတ်များကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် မီးမများအောင် သတိထားပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်စလုံး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပါ
  • ဆီစစ်သွားပြီ ဆိုတာနဲ့ ဆွမ်းမွှေးရွက်နံ့လေး သင်းနေတဲ့ ဆွမ်းမွှေးကြက်သားကြော် မွှေးမွှေးလေးကို နှစ်သက်ရာ အချဉ်တို့နဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Saturday, 8 April 2017

ဆယ့်နှစ်မျိုး ဟင်းချို



ဆယ့်နှစ်မျိုး ဟင်းချိုလို့ ပြောလိုက်တိုင်း အလှူထမင်း အလှူဟင်းလေးတွေကို ပြေးပြီးသတိရမိပါတယ် ဒီတော့လဲ ဆယ့်နှစ်မျိုး ဟင်းချိုနဲ့ လိုက်ဖက်တဲ့ ငါးပိချက်လေးကိုလဲ စားချင်မိပြန်တာပါဘဲ။

ဆယ့်နှစ်မျိုးဟင်းချို ချက်နည်းတွေ အမျိုးမျိုး ရှိကြတဲ့ အထဲက အိမ်တစ်အိမ်ရဲ့ မီးဖိုဆောင်မှာ အလွယ်တစ်ကူရနိုင်မဲ့ ပစ္စည်းလေးတွေနဲ့ သောက်လို့ကောင်းအောင် ချက်ထားတဲ့ နည်းလေးနဲ့ ဒီနေ့တော့ ၁၂မျိုးဟင်းချို အလွယ်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရိုး - 450 g
  2. ဗူးသီး - တစ်စိတ်
  3. မုန်လာဥ အဖြူ  - တစ်ဥ
  4. ဂေါ်ဖီ - တစ်စိတ်
  5. ပန်းဂေါ်ဖီ - ငါးခက်ခန့်
  6. မုန်ညင်းဖြု  - နှစ်ရွက်ခန့်
  7. ပဲလိပ် - နှစ်ရွက်ခန့်
  8. ကြက်သွန်နီ - ဥသေးသေး ငါးဥ
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ခြောက်မွှာ
  10. ငရုတ်ကောင်းမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ပဲပြား - အနေတော် တစ်တုံး
  15. ပဲကြာဇံအခြောက် - လက်တစ်ဆုတ်စာ
  16. ချင်း - ခပ်ပါးပါး နှစ်ပြား
  17. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  18. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ    

ပြင်ဆင်ပုံ
  • ကြက်ရိုးများကို ရေဆေးပြီး အနေတော် ခုတ်ပေးကာ ငါးငံပြာရည် အနည်းငယ်နှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ကြက်ပြုပ်ရည်အိုး ဆူလာတာနဲ့ ရေအပေါ် တက်လာသော အရည်မည်းမည်းများကို ခပ်ပြီးသွန်ပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ဗူးသီးကို အခွံခွာကာ ရေဆေးပြီး လက်တစ်လုံးသာသာ လောက်လေးတွေ လှီးပေးထားပါ
  • ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  • မုံလာဥ ပန်းဂေါ်ဖီ တရုတ်မုန်ညှင်းဖြူ  ဂေါ်ဖီတို့ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ပဲကြာဇံ ပဲလိတ် ကြွက်နားရွက်မှိုတို့ကို သတ်သတ်စီ ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပါ
  • ပဲပြားကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်ရိုးပြုပ်ရည် အရမ်းမခမ်းသေးခင် အိုးထဲကို ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးခွဲစာ လောက် ထည့်ပေးပါ
  • ထိုအိုးထဲကို ချင်း ဆား ငါးငံပြာရည် အရသာမှုန့်နှင့် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ တို့ကိုထည့်ပြီး ရေဆူအောင် တည်ပေးပါ 
  • ဟင်းရည်အိုး တည်ထားတုန်း ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာအောင် ထည့်ကြော်ပါ
  • ကြက်သွန်ဖြူနံ့ မွှေးလာတာနဲ့ ဗူးသီးနှင့် အရွက်များ ထည့်ပေးပြီး နည်းနည်းနွမ်းအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြက်ပြုပ်ရည် အိုးထဲကို အရွက်များ ပဲပြားအတုံးလေးများကိုထည့်ပြီး ဟင်းရည်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံ ပဲလိတ် ကြွက်နားရွက်မှို ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပုဇွန်ခြောက် ငါးပိချက် တို့စရာတို့ဖြင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။
  • ငါးဖယ်လုံး ငုံးဥနှင့် လိုက်ဖက်မည့် အသီးအရွက်များကို ထပ်မံဖြည့်စွက်ကာ အဆင်ပြေပါက ထည့်ချက်နိုင်ပါတယ်။

Friday, 7 April 2017

ငါးကျည်းကြပ်တိုက်ကြော်








ငါးကျည်းကြပ်တိုက်ကို မိမိနှစ်သက်သလို အချိုချက် အချဉ်ချက်ဆိုပြီး အမျိုးမျိုး ချက်စားကြသလိုဘဲ မာမာကတော့ ဒီတခါတော့ ခရမ်းချဉ်သီးနဲ့ အစပ်ချက်လေး ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ထမင်းမိန်စေပြီး စားလို့ကောင်းစေမဲ့ မာမာပြင်ဆင်ပြီး ချက်ခဲ့တဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးကျည်းကြပ်တိုက် -  အကောင်ကြီးကြီး ၁၂ကောင်ခန့်
  2. ခရမ်းချဉ်သီး  - ခပ်ကြီးကြီး ၂လုံး
  3. ကြက်သွန်နီ - အနေတော် တလုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ
  5. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  7. အရသာမှုန့် - ထမင်းစားဇွန်း တ၀က်သာသာ
  8. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ဇွန်းမောက်မောက်
  9. ဆီ - ထမင်းစားဇွန်း ၈ဇွန်း
ပြင်ဆင်ပုံ
  • ငါးကြည်းကြပ်တိုက်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပြီး နူးလာပါက အရိုးထွင်ပြီး အသားကို မွှထားပါ
  • ခရမ်းချဉ်သီးက်ု ခပ်ပါးပါးလှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးဇောက်နက်နက်ထဲ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့် ထည့်ပါ
  • ပြီးတာနဲ့ ကြက်သွန်အဖြူ အနီကို အရင်ဆုံး တမိနစ်လောက် ကြော်ကာ ငရုတ်သီးမှုန့်ကို မိနစ်ဝက်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီး ကျေတာနဲ့ ထွင်ထားသေား ငါးအသားများထည့်မွှေပြီး ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်မွှေပါ
  • အိုးမကပ်အောင် မကြာမကြာမွှေပေးကာ ဆီပြန်ပြီး ကြွတ်လာတဲ့အထိ တည်ပေးပါ
  • ခရမ်းချဉ်သီး အရည်ခမ်းပြီး ငါးကျည်းကြပ်တိုက် ကြွတ်မွလာပါက ငါးကျည်းကြပ်တိုက်ခြောက် ချဉ်စပ်ဟင်းကို အရသာရှိစွာ စားသုံးနိုင်ပါပြီ။