Friday, 8 September 2017

မှိုအစပ်ဟင်း



မနေ့က ဈေးကိုသွားတော့ shimeji မှိုလေးတွေ ရလာခဲ့တယ် အိမ်ရောက်တော့ မှိုကြိုက်တဲ့ သမီးကို ဘယ်လိုလေး စားချင်လဲလို့ မေးလိုက်တယ် ငရုတ်သီးလေးနဲ့ အစပ်လေး ချက်စားရင် ကောင်းမယ်တဲ့။

ဒါနဲ့ဘဲ ဝါးလိုက်ရင် ဝါးလို့ကောင်း စားလို့ကောင်းတဲ့ မှိုလေးကို ခပ်စပ်စပ်လေး ချက်ပေးလိုက်မိတယ် သတ်သတ်လွတ် ဟင်းလေးဖြစ်လို့ လွယ်ကူမြန်ဆန် မာမာ ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်၊၊

ပါဝင်ပစ္စည်းများ

  • မှို - 500g
  • ငရုတ်သီး အရောင်တင်မှုန့်အစပ် - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကြက်သွန်ဖြူ -၂မွှာ
  • ကြက်သွန်နီ - တခြမ်း
ပြင်ဆင်ပုံ
  1. မှိုကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီးမှ ခပ်ပါးပါးလှီးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  4. ဒယ်အိုးတလုံးကို အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပါ
  5. ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူကို နွမ်းရုံလေး ဆီသတ်ပါ
  6. ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ကိုထည့်ကြော်ပါ
  7. ငရုတ်သီးနံ့ သင်းလာတာနဲ့ ဆားနှင့် မှိုကိုထည့်ကြော်ပါ
  8. မှိုများနွမ်းလာတာနဲ့ အရည်အနည်းငယ်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  9. ရေပွက်ပွက်ဆူလာတာနဲ့ ကိုယ်လိုချင်သလောက် ရေထည့်ကာ အရသာမြည်း၍ လိုသလိုပြင်ပေးပါ
  10. ရေလဲပွက်ပွက်ဆူလာပြီး အရသာလဲ အနေတော်ရပြီဆိုရင် မှိုအစပ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။

Thursday, 7 September 2017

ဟင်းချက်အနှစ် ပြုလုပ်နည်း (ပထမနည်း)






အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် တစ်ပါတ်စာ ငရုတ်သီးထောင်းလေး အဆင်သင့်ရစေဖို့ အားလပ်ရက်လေးမှာ ပြင်ဆင်ထားနိူင်အောင် မာမာပြင်ဆင်ထားတဲ့ နည်းလေး မျှဝေလိုက်ပါတယ်၊၊

တစ်ပါတ်စာအတွက် မိမိချက်မည့် ဟင်းအပေါ် မူတည်ပြီး ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ချင့်ချိန်ပြီး ထောင်းပေး ကြိတ်ပေးနိူင်င်ပါတယ်။

ဟင်းအနှစ်အရသာက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ခြင်းမတူနိူင်တဲ့အတွက်ကြောင့် မိမိနှစ်သက်ရာ အမွှေးအကြိုင်များကိုထည့်ပြီး ထောင်းနိူင်ကြိတ်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ငရုတ်သီး အရောင်တင်မှုန့် -  ထမင်းစားဇွန်း ၄ဇွန်း
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂ဝခန့်  (အခွံခွာပြီး ရေဆေးထားပါ)
  3. ကြက်သွန်နီ - အလုံးကြီးကြီး ၆လုံးခန့် (အခွံခွာပြီး ရေဆေးထားပါ)
  4. ချင်း - ၃လက်မခန့် (အခွံခွာပြီး ရေဆေးထားပါ)
ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်း အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြိတ်စက်အဆင်ပြေပါက ကြိတ်စက်နှင့် ကြိတ်ပေးပါ
  • ကြိတ်စက် အဆင်မပြေပါက ငရုတ်ဆုံနှင့် ထောင်းပေးပါ
  • ဗလင်ဒါနှင့် ကြိတ်မည်ဆိုပါက ဗလင်ဒါထဲထည့်ပြီး မိမိနှစ်သက်တဲ့ အနေအထားရအောင် ကြိတ်ပေးပါ
  • ငရုတ်ဆုံနှင့် ထောင်းလျှင်လည်း အားလုံးကိုရောကာ မိမိနှစ်သက်တဲ့ အနေအထားရအောင် ထောင်းပေးပါ
  • မိမိလိုချင်သည့် အနေအထားရပါက အားလုံးအဆင်သင့် ဖြစ်တာနဲ့ တစ်ခါချက်စာ အထုတ်လေးတွေကို လေလုံသော အိတ်လေးများထဲ ထည့်ပေးပါ
  • ငရုတ်သီးများ ကုန်အောင်ထည့်ပြီးတာနဲ့ ဗလင်ဒါကို ရေအနည်းငယ်နဲ့ကျင်းပြီး ဟင်းချက်ရာတွင် သုံးရန်အတွက် ထိုအရည်ကိုလဲ လေလုံအိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ ထည့်ခဲထားပါ
  • တစ်ပါတ်စာ ငရုတ်သီးမှုန့်နှင့် အမွှေးအကြိုင်များထည့်ကာ ကြိတ်ထားသော တခါချက်စာ အထုတ်လေးတွေထုတ်၍ ခဲထားရန် အဆင်သင့်ရပါက ရေခဲသေတ္တာ ခဲသောအကန့်ထဲမှာ ထည့်သိမ်းထားပါ
  • ဟင်းချက်မည် ဆိုပါက ထိုအထုတ်လေးကို ၂နာရီလောက် ကြိုထုတ်ထားပေးပါ
  • ခဲနေတာတွေ ပျော်လာပါက ဟင်းချက်ရန်အတွက် ငရုတ်သီးထောင်းကို အဆင်သင့် ရပါပြီ။

Wednesday, 6 September 2017

ကန်စွန်းရွက် ကြက်သားကြော်


မာမာတို့အိမ်ရဲ့ ထမင်းဝိုင်းလေးမှာ များသောအားဖြင့် ကန်စွန်းရွက်ကို သတ်သတ်လွတ်လေးဘဲ ကြော်ဖြစ်တာ များပါတယ် ဒီနေ့တော့ အသားလေးနဲ ကြော်ဖြစ်လို့ လွယ်ကူမြန်ဆန် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းရွက် - လက်တဆုတ်စာ တစ်စည်း
  2. ကြက်ရင်ပုံသား - သင့်တော်ရုံ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  8. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကန်စွန်းရွက် အပင်ရဲ့ ရင့်နေတဲ့ နေရာများကို ဖယ်ပြစ်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  4. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  5. အားလုံးအဆင်သင့် ဖြစ်ပါကကြက်ရင်ပုံသားနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  6. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  7. ဆီအငွေ့ တက်လာတာနဲ့ နနွင်းမှုန့်နှင့် ဆားကိုအရင်ဆုံး ထည့်ကြော်လိုက်ပါ
  8. ပြီးတာနဲ့ ကြက်သားကို ၃မိနစ်လောက် ထည့်ကြော်လိုက်ပါ
  9. ကြက်သားကျက်တာနဲ့ သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပြီး ငရုတ်သီးစိမ်းကို ထည့်ကြော်ပေးပါ
  10. ပြီးတာနဲ့ ကန်စွန်းရွက်များထည့်ပြီး အချိုမှုန့်ကို တစ်ခါထဲ ထည့်မွှေပါ
  11. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ပူနေတုန်းလေး ပန်းကန်ထဲ ပြောင်းထည့်ကာ စားသုံးနိုင်ပါပြီ။

Saturday, 2 September 2017

ငါးသားလေး အကြွတ်ကြော်



ဒီနေ့တော့ မာမာကြိုက်တဲ့ ငါးသားလေးတွေ ​ကြော်​ပါတယ် ငါးသားပေါက်ကလေးတွေမို့ ကြော်ပြီးဘဲစားစား အိုးကပ်လေးချက်ပြီးဘဲစားစား စားလို့အရမ်းကောင်းသလို အရမ်းလဲ ကြိုက်ပါတယ် ဒီနေ့အတွက်တော့ ငါးသားလေးတွေကို ကြွတ်နေအောင်ကြော်ပြီး ငါးကြော်ဆီလေးဆမ်းကာ စားမယ်လို့စိတ်ကူးထားပါတယ် ထမင်းမိန်မိန် စားရအောင် မာမာတို့တွေ ငါးသားလေးတွေကို အတူတူကြော်ကြရအောင်။

ငါးသားလေးက အရသာနယ်ပြီးတာနဲ့နှပ်ထားစရာမလိုဘဲ တန်းပြီးကြော်လို့ရပါတယ် ငါးအသားက နုလွန်းတဲ့ အတွက် အရသာဝင်လွယ်ပါတယ် ကြော်တဲ့အခါမှာလဲ ဟိုဘက်ဒီဘက် ခနခန လှန်ပေးစရာ မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကို လှန်ပေးပြီး နှစ်ဘက်လုံး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ပေးရပါမယ်။


ပါဝင်ပစ္စည်းများ

  1. ငါးသားလေး - 250 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - လိုသလောက် သုံးပါ

ပြင်ဆင်ပုံ
  • ငါးသားလေးတွေကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရသာများ အားလုံးထဲ့ပြီး နယ်ပေးပါ
  • ဆီကိုအပူပေးပါ ဆီပူလာပါက မီးကိုအနေတော်ထားပြီး ငါးသားလေးများ ထဲ့ကြော်ပေးပါ
  • ခနခနမွှေပေးရန် မလိုဘဲ တစ်ဖက်ကျက်မှ တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစစ်သွားပါက ထမင်းပူပူလေးကို ငါးကြော်ဆီလေးဆမ်းပြီး စားသုံးနိုင်ပါပြီ။

Friday, 1 September 2017

ကြံမဆိုင်ဟင်းချို









 ကြံမဆိုင်ရွက်လေးတွေ အချဉ်ထည့်ထားတာ ရပြီးထဲက ဟင်းချိုရည်လေး ချက်ဖြစ်တာမို့လို့  ဒီနေ့ တော့ ကြံမဆိုင်ဟင်းချို ချက်နည်းလေး မျှဝေချင်ပါတယ် ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြံမဆိုင် - အနေတော် သုံးပင်ခန့်
  2. ဝက်သား - နှစ်ဆယ်သားခန့်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်နီ - ဥအသေး လေးလုံး
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ဆား - လိုသလောက်
  9. အရသာမှုန့် - လိုသလောက်
  10. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  11. ကြက်သွန်နီ - အနေတော် တစ်လုံး
  12. ချင်း - ခပ်ပါးပါး ၃ပြား
ပြင်ဆင်ပုံ
  • ကြံမဆိုင်ကို အငံပေါ့စေရန် ရေ တစ်ထပ်လောက် ဆေးပေးပါ
  • ဝက်သားကို ရေဆေးပြီး လက်တစ်လုံးသာသာ အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွါပြီး ရေဆေးထားပါ
  • ကြက်သွန်နီ အနေတော်တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အမြှောင်းလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာကာ ရေဆေးပြီး မိမိနှစ်သက်သလို လှီးပေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးကိုအပူပေးကာ ဆီထည့်ပါ
  • ဆီပူလာတာနဲ့ နနွင်းထည့်ပြီး ချင်း ကြက်သွန်ဖြူ  ကြက်သွန်နီတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • အနည်းငယ် နွမ်းရုံလေး ဆီသတ်ပြီးတာနဲ့ ဝက်သားကို ထည့်ကြော်ပါ
  • ဝက်သားထဲမှ ထွက်လာသော အရည်ခမ်းလာမှ ကြက်သွန်နီ ဥအသေး မုံလာဥနီ ငရုတ်သီးစိမ်း ကြံမဆိုင် ဆား အရသာမှုန့်တို့ထည့်ကာ သမအောင် မွှေပေးပါ
  • အားလုံး သမပြီဆိုတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကြက်သွန်ဥ နူးလာတဲ့အထိ တည်ပေးပါ
  • ကြက်သွန်နီဥ နူးလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြံမဆိုင်ဟင်းရည်ကို စားပွဲကို ပြင်နိုင်ပါပြီ။

Thursday, 31 August 2017

ဗယာကြော်









ဒီနေ့တော့ သမီးငယ်လေးက ဗယာကြော် မစားရတာ ကြာနေပြီ ဗယာကြော် စားချင်တယ်ဆိုတော့ ကုလားပဲ ရေစိမ်ပြီး ဗယာကြော် ကြော်ပေးဖြစ်တာမို့လို့ ဒီနေ့ မာမာကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်၊၊

ဒီနေ့တော့ ဆောင်းအ၀င်မှာ မိုးရောလေပါ ရောသမမွှေနေတာမို့လို့ အလွန်ချမ်းတဲ့ ရာသီဥတုလေး ဖြစ်လို့နေပါတယ် အေးအေးချမ်းချမ်းလေး ကွေးနေချင်ပေမဲ့ ငါ့ဝမ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ ချက်ရပါအုံးမယ်။

ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတယ်လို့ ပြောလာတော့ အမောလေးတော့ ပြေတာပေါ့နော်။
    ပါဝင်ပစ္စည်းများ
    1. ကုလားပဲခြမ်း - 2 cups
    2. ပျဉ်းတော်သိမ်းရွက် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
    3. ရှမ်းနံနံရွက် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
    4. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
    5. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
    6. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
    7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    8. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
    9. ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
    10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၈မွှာ
    11. ဆီ - လိုသလောက် သုံးပေးပါ
    ဗယာကြော် ကြော်ရန် ပါဝင်ပစ္စည်းများ
    ပြင်ဆင်ပုံ
    • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
    • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
    • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ
    • ပျဉ်းတော်သိမ်းရွက်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
    • ရှမ်းနံနံကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
    • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
    • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
    • ပဲများ ရေစစ်သွားပါက အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်ဝက် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
    • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ဆား ကြက်သားမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ပျဉ်းတော်သိမ်းရွက် ရှမ်းနံနံရွက် ငရုတ်သီးစိမ်းတို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
    • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
    • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
    • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
    • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
    • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
    ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ပျဉ်းတော်သိမ်းရွက်ကြော်တို့ကြော်ပြီး ဗယာကြော်မွှေးမွှေးလေးနဲ့ တွဲဖက်ပြီး စားနိုင်ပါတယ်။
ငရုတ်သီးတောင့်ကြော်ရန်
  • ငရုတ်သီးတောင့်ကို လိုသလောက် ပြင်ထားပါ
  • ဗယောကြော် ကြော်လက်စဆီများ များနေပါက အိုးထဲမှာ ထမင်းစားဇွန်း တစ်ဇွန်းလောက်ဘဲ ချန်ထားပြီး မီးကိုလျော့ပြီးမှ ငရုတ်သီးတောင့်များကို ထည့်ကြော်ပေးပါ
  • မီးအရမ်း ပူနေပါက ငရုတ်သီးတောင့်များ အကျွမ်းမြန်တဲ့အတွက် မီးကိုတော်တော်များများ လျှော့ပြီးမှ ကြော်ပေးပါ
  • ငရုတ်သီးတောင့် နီညိုရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဗယာကြော် မွှေးမွှေးစပ်စပ်လေးကို ငရုတ်သီးတောင့်ကြော်နှင့် တွဲဖက်ကာ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Thursday, 24 August 2017

ကြံမဆိုင်လုပ်နည်း (ပထမနည်း)









ဒီနေ့တော့ ကိုယ်​တိုင်​လုပ်​ ကြံမဆိုင်​ လုပ်နည်းလေး မျှဝေလိုက်ပါတယ် ကိုယ့်​ဘာသာကို ထည့်​လိုက်​​တော့လဲ သန့်​သန့်​​လေး စားရပါတယ်
အကြာကြီးလဲ ​စောင့်​စရာမလိုဘူး ရာသီဥတုပူ​နေရင်​ ၃ရက်​ ရာသီဥတု မပူရင်တော့ ၅ရက်လောက် ထားပြီးရင် စားလို့ရပြီ။


ပါဝင်​ပစ္စည်းများ

  1. မုန့်ညှင်းစိမ်း - တစ်ကီလို
  2. ဆား - ထမင်းစားဇွန်း လေးဇွန်း
  3. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ

  1. မုန့်ညှင်းစိမ်းအရွက်​ကို ရေစင်အောင်ဆေးပေးပြီး ရေစစ်ထားပါ
  2. ရေစစ်ပြီဆိုတာနဲ့ ဆားကြမ်းကြမ်းနှင့် နယ်ထားပါ 
  3. ငရုတ်သီးတောင့်ကို ရေဆေးပြီး ရေစစ်ထားပါ
  4. အရွက်များ အချဉ်တည်နေစဉ် အူလည်လည် မဖြစ်စေရန်  ဆားကို ခပ်​ငံငံ​လေး နယ်​ပေးပါ
  5. နယ်ပြီးတာနဲ့ ပုလင်းသန့်သန့်ထဲကို ထည့်​ပေးပါ
  6. အရွက်များနှင့်အတူ ငရုတ်သီးတောင့်လေးတွေကို ထည့်ပေးပါ
  7. ပြီးတာနဲ့ ပုလင်းကို ​လေလုံ​အောင် ​ပိတ်​ထားပြီး အခန်းအပူချိန်အတိုင်း ထားပါက ၂ရက်လောက်ဆို ဆားရည်များ ပျော်လာပါလိမ့်မယ်
  8. ဆားရည် ပျော်လာပါက အရွက်များ မြုပ်သွားအောင် ဇွန်းသန့်သန့်နှင့် ဖိဖိပေးပါ
  9. ရာသီဥတုပူရင် သုံးရက်လောက် ထားရပြီး ရာသီဥတု မပူရင်တော့ ၅ရက်လောက်ဆို စားလို့ရပါပြီ
  10. အိမ်အပြင်မှာ နေပူနေပါက​ ​နေပူထဲမှာ  ပြပြ​ပေးပါ
  11. သူ့ဘာသာသူ ဆားရည်​​လေး​တွေ ထွက်​လာပါက အရွက်​များ မြုပ်​​အောင်​ ဇွန်းသန့်​သန့်​နဲ့ ဖိဖိ​ပေးပြီး အဖုံးလုံ​အောင်​ ပြန်​ပိတ်​ထားကာ ​နေပြန်​ပြ​ပေးပါ
  12. ၃ရက်​​လောက်​ဆို မိမိနှစ်သက်သလို ပြင်ဆင်ချက်ပြုပ် စားလို့ရပြီ
  13. နေမပူရင်တော့ အနည်းဆုံး ၅ရက်လောက် ထားပေးပြီးပါက မိမိနှစ်သက်သလို ပြင်ဆင်ကာ စားနိုင်ပါပြီ။