Wednesday, 19 July 2017

သရက်သီးဆားရည်စိမ်ထောက်း



နေ့လည်နေ့ခင်း အပျင်းပြေလေးဘဲဖြစ်ဖြစ် ထမင်းဝိုင်းမှာ အအီပြေ စားဖို့ဘဲဖြစ်ဖြစ် စားလို့အရမ်းကောင်းတဲ့ သရက်သီးဆားရည်စိမ်နဲ့ ပုဇွန်ခြောက်ထေင်း လွယ်ကူမြန်ဆန် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ပုဇွန်ခြောက်  - ၁၇ကောင်ခန့်
  4. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက်ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ပုဇွန်ခြောက်ကို ရေအနည်းငယ်ထည့်ပြီး ပွလာအောင် ရေစိမ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ စတီးလ်ဇလုံ သို့မဟုတ် ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကိုထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာ မလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးပါ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသား ဖြစ်တဲ့အတွက် အငံထည့်စရာ မလိုပါ
  • ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာ ပါဝင်တဲ့ သရက်သီး ဆားရည်စိမ် ပုခြောက်ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Tuesday, 18 July 2017

ဝက်သားအစိုကြော်



ဝက်သား အသားတုံးလေးတွေကြီးဘဲ တစ်တုံးကို $9 ကျော်ကျော်နဲ့ ရောင်းတာတွေ့တော့ မ၀ယ်ဘဲ မနေနိုင်လို့ ၂ထုတ်ဝယ်လာပြီး အနေတော်လေးတွေ တုံးကာ အစိုကြော်ဖြစ်ပြန်ပါတယ် စားလို့ကောင်းတဲ့ ၀က်သားအစို အကြွတ်ကြော်နည်း မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ၀က်သား - 1 kg
  2. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ချင်းအရည် - ထမင်းစားဇွန်း တစ်ဇွန်း (ချင်းကိုထောင်းပြီး အရည်ယူထားပါ)
  5. ကြက်သွန်ဖြူ အရည် - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သွန်ဖြူကို ထောင်းပြီး အရည်ယူထားပါ)
  6. ဆီ - 2 cups

ပြင်ဆင်ပုံ
  • ၀က်သားကို  ပုံပါအတိုင်း ရှည်ရှည်လေးတွေ လှီးပေးပါ
  • ၀က်သားကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် paper towel နှင့်သုတ်ပေးပါ
  • ရေခြောက်တာနဲ့ ကြက်သွန်ဖြူအရည် ခနောကြက်သားမှုန့် ချင်းကိုထောင်းပြီး ယူထားသော ချင်းအရည် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညသိပ်ထည့်ပြီး နှပ်ထားပေးပါ
  • နောက်နေ့မနက်မှာ ကြော်ဖို့ပြင်ဆင်ပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို မီးပြင်းပြင်းနဲ့ အပူပေးလိုက်ပါ 
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ အရသာ နယ်ထားသော ၀က်သားကို ထည့်ပြီးကြော်ပါ
  • အသား အစိမ်းကို ကြော်တာ ဖြစ်တဲ့အတွက် အထဲထိ ကျက်စေရန် မကြာမကြာ အထက်အောက် လှန်ပေးပါ
  • ပုံပါအတိုင်း အရောင်ရလာပြီဆိုရင် ဆယ်ပြီး အအေးခံထားပါ
  • ကြော်ပြီးသား ဆီကိုလဲ အအေးခံထားပါ
  • အသားရော ဆီပါအေးလာတော့မှ ကြော်ထားသောဆီနှင့်ကြော်ပြီးသား အသားကိုစိမ်ပြီး နှစ်သက်သလို စားသုံးနိုင်ပါပြီ
  • ကြော်ထားသောဆီကို ထမင်းဆီဆမ်း နယ်ပြီးစားနိုင်ပါတယ်
  • ထိုနည်းအတိုင်း ဆိတ်သား အမဲသား သိုးသားတို့ကိုလဲ ကြော်နိုင်ပါတယ်။

Sunday, 16 July 2017

မှိုအချဉ်ဆီပြန်










ဝါတွင်းကာလ သတ်သတ်လွတ် စားရအောင် ဒီနေ့တော့ မှိုချဉ်လေး ချက်ဖြစ်ပါတယ် မှိုချဉ်လို့ နံမည်တတ်ပေမဲ့ လတ်လတ်ဆတ်ဆတ် မှိုကိုဘဲသုံးပြီး ချက်တာဖြစ်ပါတယ်။

 ကောက်ညှင်းနဲ့ရောပြီး ချက်လိုက်တဲ့ အခါမှာတော့ ချဉ်ဖြုံ့ဖြုံ့လေးနဲ့ အင်မတန် စားလို့ကောင်းတဲ့ ဟင်းတမယ် ဖြစ်ပြီး ချက်ရတာလဲ လွယ်ကူတဲ့အတွက် ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မှို - 250 g ( မိမိနှစ်သက်ရာမှိုကို သုံးနိုင်ပါတယ်)
  2. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ငရုတ်သီး အခြောက်တောင့် - ၅တောင့် 
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ


ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ရေဆေးထားပါ
  • မှိုကို ရေဆေးကို လှီးထားပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး ကြက်သွန်အဖြူအနီတို့နှင့်ရောကာ မညက်တညက် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးတလုံးထဲကို ဆီထမင်းစားဇွန်း ၃ဇွန်းခွဲ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ရေ ဆေးထားသော ကောက်ညှင်းဆန်ကို ထည့်ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကောက်ညှင်းဆန် နူးအောင်တည်ပေးပါ
  • နောက်ထပ်အိုးတလုံးမှာ ဆီထမင်းစားဇွန်း ၃ဇွန်းသာသာထည့်ပြီး နနွင်းမှုန့်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ မှိုကိုထည့်ပြီး ဆီသတ်ပါ
  • မှိုဆီသတ်ထဲသို့ ဆားထည့်မွှေပေးပြီး မှိုမှထွက်လာသော ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းသွားသော မှိုဆီသတ်ကို ကောက်ညှင်းချက်ထားသော အိုးထဲသို့ ပြောင်းထည့်ပေးကာ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် မွှေပေးပြီး ရေခမ်းကာနီးမှာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက ငရုတ်ကောင်းမှုန့် ဖြူးပေးကာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ မွှေးပြီးစားလို့အရမ်းကောင်းတဲ့ မှိုချဉ်ဟင်းကို သုံးဆောင်နိုင်ပါပြီ။
  • ငရုတ်သီးစိမ်း နှစ်သက်ပါက ဆီမပြန်ခင် ငရုတ်သီးစိမ်းကို အုပ်ပေးနိုင်ပါတယ် မာမာက ငရုတ်သီးအခြောက်တောင့် ပိုထည့်ထားတဲ့အတွက် ငရုတ်သီးစိမ်းမအုပ်ဘဲ ချက်ထားပါတယ်။        

Saturday, 15 July 2017

မိုးကုတ်မြီးရှည်












ဒီနေ့တော့ အိမ်သွားလည်ရင်း စားဖြစ်ခဲ့တဲ့ မိုးကုတ်မြှီးရှည်ကို အရသာခံရင်း အိမ်ရောက်တော့ စမ်းတ၀ါးဝါးနဲ့ ချက်လေသတည်းပေါ့ရှင် စိတ်မှန်းနဲ့ ချက်ထားတာမို့လို့ အမှားအယွင်း အတိမ်းအစောင်းလေးတွေတော့ ရှိမယ်ထင်ပါတယ်။

မိုးကုတ်မြီးရှည် မချက်ခင် လေးရက်လောက်ကြိုပြီး အိမ်လုပ်မုန့်ညှင်းချဉ်လေးလဲ တည်ထားလိုက်ပါသေးတယ်  မုန့်ညှင်းချဉ် ချဉ်ပြီဆိုတာနဲ့ မိုးကုတ်မြှီးရှည်ကို ချက်ပါတော့တယ်။

ဝက်သားစားသူအတွက် ၀က်သားကို ချက်ထားပြီး ၀က်သားမစားသူအတွက် ကြက်သားနှင့် ချက်ကာ မုန့်ငါးပွဲစာအတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ် ချက်နည်းလေးများ လွဲခဲ့ရင်တော့ သည်းခံပေးစေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မြီးရှည်ဖတ်အစို  - 1 kg (သို့မဟုတ်) မြီးရှည်ခြောက် - တစ်ထုပ်
  2. ၀က်သုံးထပ်သား (သို့မဟုတ်) ကြက်သား  - 500 g
  3. ၀က်ရိုး သို့မဟုတ် ကြက်ရိုး - 200 g
  4. ရှမ်းပဲငပိ - 150 g
  5. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး
  6. ကြက်သွန်ဖြူ  -  ခပ်ကြီးကြီး နှစ်ဥခန့်
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  9. နံနံပင် - နှစ်သက်သလောက်
  10. ကြက်သွန်မြိတ် - နှစ်သက်သလောက်
  11. မုန့်ညှင်းချဉ် -  နှစ်သက်သလောက်
  12. ငရုတ်ကောင်းမှုန့် - နှစ်သက်သလောက်
  13. ဆား  - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  14. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း သုံးဇွန်း
  16. အချိုမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  17. ဆီ - လိုသလောက်
  18. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း သုံးဇွန်း
  19. ရှာလကာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  20. ငရုတ်ဆီအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  21. သကြား  - ထမင်းစားဇွန်း တစ်ဇွန်း
  22. ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း

မုန့်ဖတ်ပြုပ်ရန်
  • မြီးရှည်လက်ညှစ်ဖတ် အဆင်သင့်ရပါက ရေနွေးပူပူမှာ ရေနွေးဖျောပြီး အဆင်သင့်စားလို့ ရပါတယ်
  • လတ်လတ်ဆတ်ဆတ် မရပါက မုန့်ဖတ်အခြောက်ကို အသုံးပြုမယ်ဆိုရင် တစ်နာရီခန့် ရေကြိုတင် စိမ်ပေးထားပါ
  • ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပြီး ရေစိမ်ထားသော  မုန့်ဖတ်အခြောက်ကို အနေတော်ရအောင် ပြုပ်ပြီး ရေနွေးများ သွန်ထားပေးပြီး ရေစစ်ထားပါ။
ဟင်းဆီသတ်ရန်
  • ၀က်သားနှင့် ကြက်သားကို ကြိုက်နှစ်သက်ရာ အသားကို သုံးမည်ဆိုပါက အသားကို ခပ်နုတ်နုတ် စဉ်းထားပါ
  • ချင်းနှင့် ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးတစ်လုံးမှာ ဆီထည့်ပြီး အပူပေးပါ 
  • ဆီပူလာတာနဲ့ ထောင်းထားသော ချင်းနှင့်ကြက်သွန်ဖြူထောင်းကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့လေး မွှေးလာတာနဲ့ ၀က်သား သို့မဟုတ် ကြက်သား ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် အချိုမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့ကို ထည့်မွှေပြီး ကျက်တယ်ဆိုရုံလေးဘဲ ချက်ပေးပါ
  • ဆီသတ်ချိန် အချိန်အရမ်းကြာသွားပါက အသားများ မာသွားတတ်ပါတယ်။
ပဲငါးပိအတွက် ပြင်ဆင်ပုံ
  • ပဲငပိအဖတ်မှာ အဖတ်များ ကြီးနေပါက ကြိတ်စက်ထဲထည့်ကာ ကျေသွားအောင် ချေထားပေးပါ။
ကြက်သွန်ကြော်ရန်
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နီများ ရွှေအိုရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ထားပါ။

ကော်ရည်ကြိုရန်

  • သကြား ငရုတ်ဆီအနှစ် ရှာလကာရည် ပဲငံပြာရည်နှင့် ရေတစ်လီတာခန့်ကို အိုးတလုံးထဲမှာ ပျော်အောင်ဖျော်ပြီး ထည့်ပေးကာ ရေတစ်ပွက်နှစ်ပွက် ဆူအောင် တည်ပေးပါ
  • ကော်မှုန့်ကို ရေအနည်းငယ်နှင့်ဖျော်ထားပါ
  • အရသာ အရည်အိုး ဆူလာတာနဲ့ အရည်ဖျော်ထားသော ကော်ရည်ကို ဖြေးဖြေးချင်း လောင်းထည့်ပြီး အဆက်မပြတ် မွှေပေးပါ
  • ကော်ရည် ခပ်ပျစ်ပျစ် အနေအထားရရင် မီးပိတ်ပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပေးထားပါ။
ငရုတ်သီးလုံးခြမ်းကွဲ ကြော်ရန်
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ မီးကို အကုန်လျှော့လိုက်ပြီးမှ မီးဖိုလက်ကျန် အပူရှိန်နှင့် ငရုတ်သီး လုံးခြမ်းကွဲကို ထည့်ပြီးကြော်ပါ
  • ကြော်ချိန်မကြာစေဘဲ ငရုတ်သီးနံ့ သင်းလာတာနဲ့ ပန်းကန်ထဲ ပြောင်းပြီး ထည့်ထားပေးပါ။
မုန့်ညှင်းချဉ် ပြင်ဆင်ပုံ
  • အချဉ်တည်ပြီးသား မုန့်ညှင်းချဉ်ကို ပန်းကန်ထဲ ထည့်ထားပေးပါ။
ဟင်းခါးချက်ရန်
  • ၀က်ရိုး သို့မဟုတ် ကြက်ရိုးကို ရေမြုပ်ရုံထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး တည်ထားစဉ် အပေါ်ယံ တက်လာသော အမြှုပ်များကို ခပ်ပြီးသွန်သွန်ပေးပါ 
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာနှင့် ငရုတ်ကောင်းစေ့ ၁၀စေ့လောက်ကို ညက်အောင် ထောင်းပေးထားပါ
  • အရိုးထဲမှ အချိုရည်များ ထွက်လာတာနဲ့  ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် အချိုမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ရေမြုပ်ရုံထည့်ပြီး တည်ပေးပါ
  • ပြုပ်ရည် ပထမတရည် မခမ်းခင် ရေကို တရုတ်ဟင်းရည်သောက် ပန်ကန်လုံးအလတ် ၃လုံးစာထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားပါ
  • ရေဆူလာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပြီး ခပ်နွေးနွေး တည်ထားပေးပါ
မုန့်ပွဲပြင်ဆင်ပုံ

  1. မြီးရှည်ဖတ် တစ်ပွဲစာကိုယူပြီး ရေနွေးဆူဆူမှာ ဖျောပေးပါ
  2. ရေနွေးဖျောထားသော မြီးရှည်ဖတ်ကို ပန်းကန်တစ်ခုထဲ ထည့်ပေးပြီး ကော်ရည် ဟင်းခတ်ဇွန်း တစ်ဇွန်း လောင်းထည့်ပါ
  3. အပေါ်မှ ဆီသတ်ထားသော ၀က်သား သို့မဟုတ် ကြက်သားကို ထမင်းစားဇွန်း တစ်ဇွန်း ပဲငါးပိ အနေတော် ကြက်သွန်နီကြော် ကြက်သွန်မိတ် နံနံပင် ငရုတ်ကောင်းမှုန့် ငရုတ်သီးကြော်တို့ကို ပြင်ပေးကာ ဟင်းခါးရည်ဖြင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Friday, 14 July 2017

ဝက်ကလီစာ အစိမ်းကြော်


ဟင်းအမယ် စုံအောင်ချက်ဖို့ အချိန်မရတဲ့ အခါမျိုးမှာ အခုလို ဟင်းတစ်မယ်ထဲနဲ့ ထမင်းစားလို့မြိန်အောင် ချက်နိုင်တဲ့အတွက် ဒီနေ့တော့ ၀က်ကလီစာလေးတွေနဲ့ အစိမ်းကြော်လေး ကြော်ဖြစ်လို့ မာမာကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်ကလီစာ - 250 g ( နှစ်သက်ရာ အသားသုံးနိုင်ပါတယ်)
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၂မွှာ
  4. ဘရော့ကိုလီ - ၃ခက်ခန့်
  5. မုံလာဥနီ - အနည်းငယ်
  6. ခရမ်းချဉ်သီး - အနေတော်တစ်လုံး
  7. ပန်းဂေါ်ဖီ - ၄ခက်ခန့်
  8. ကြက်သွန်မြိတ် - ၂ပင်
  9. ချင်း - လက်မ၀က်ခန့်
  10. ရွှေပဲသီး - ၅တောင့်
  11. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း၂ဇွန်း
  14. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဝက်
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. နနွင်းမှုန့် - အနည်းငယ်
  17. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  18. ဆီ - ထမင်းစားဇွန်း ၆ဇွန်းခန့်

ကော်ရည်ဖျော်ရန်
  • ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တစ်ဝက်
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ - လက်ဖက်ရည်အကြမ်းပန်ကန်လုံး ၂လုံးစာ (အားလုံးကို ပျော်သွားအောင် ဖျော်ထားပါ)

ပြင်ဆင်ပုံ

  • ဝက်ကလီစာများကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နှင့် နနွင်းမှုန့်တို့ထည့်ကာ နယ်ပေးပါ 
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးပါ
  • ပြုပ်ရည်ခမ်းတာနဲ့ ခပ်ပါးပါး လှီပေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး လေးစိတ် လှီးထားပါ
  • ခရမ်းချဉ်သီးကိုလဲ ရေဆေးပြီး လးစိတ်လှီးထားပါ
  • ရွှေပဲသီးကို အကြောသင်ပေးပြီး ရေဆေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်၂လုံးလောက် ခပ်ကြမ်းကြမ်း ထူထူလေးတွေ လှီးထားပေးပါ
  • ပန်းဂေါ်ဖီ ဘရော့ကိုလီ မုံလာဥနီတို့ကို ရေဆေးပြီး မိမိတို့ နှစ်သက်သလို လှီးပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ အမျှင်လေးများ ရအောင်လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးပေးပါ
  • ဟင်းချက်ရန် လိုအပ်မည့် ပစ္စည်းများ ပြင်ထားပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း ၃ဇွန်းကိုထည့်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို မွှေးသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ လှီးထားသော ပန်းဂေါ်ဖီ ဘရော့ကိုလီ ပန်းငရုတ်ပွ မုံလာဥနီ ကြက်သွန်နီစသည့် အသီးအရွက်များကို အနည်းငယ် နွမ်းအောင်ကြော်ပြီး ဆယ်ထားပါ
  • ခရမ်းချဉ်သီးကိုလဲ သတ်သတ်ထည့်ပြီးကြော်ကာ ဆယ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ် ထပ်ထည့်ပြီး လှီးထားသော ချင်းကိုထည့်ကြော်ပေးပါ 
  • အနည်းငယ် မွှေးလာတာနဲ့ ပြုပ်ပြီးလှီးထားသော ဝက်ကလီစာများကို ထည့်ကြော်ပေးပါ
  • ၀က်ကလီစာများက ကျက်ပြီးသား ဖြစ်တဲ့အတွက် ချက်ချင်းဆိုသလို ပါဝင်သော ဆား သကြား ပဲငံပြာရည်အကြည် ခရုဆီ ပဲငံပြာရည်အနောက် သကြား စသည့် အရသာများကို ခပ်မြန်မြန်လေး ထည့်ပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်ကြော်များ ထည့်မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပေးကာ ကော်ရည်ပျစ်အောင် မွှေပေးပါ
  • ပြီးတာနဲ့ ကြက်သွန်မိတ်နှင့် ရွှေပဲသီးကိုထည့်ကာ မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • စားပွဲပြင်ရန် ပန်းကန်ထဲ ပြောင်းထည့်ပြီး တရုတ်မဆာလာ ဖြူးပေးပြီး ပူပူလူလူလေး သုံးဆောင်နိုင်ပါပြီ။

Thursday, 13 July 2017

ဝက်ဂုတ်သား ကိုက်လံကြော်


အခုနေတဲ့ မြို့လေးကို ပြောင်းလာတာ ရပ်ကွက်တခုကို ဈေးတခုရှိပြီး ဈေးတိုင်းမှာ အေးရှန်းဆိုင်လေးတွေ ရှိနေတော ၀ယ်ရခြမ်းရ အတော်လေး အစဉ်ပြေပါတယ်။

ချက်ကာနီးမှ လမ်းလေးလျှောက် လိုချင်တာလေး ပြေးဝယ်ပြီး ချက်ရတော့ လတ်လတ်ဆတ်ဆတ်နဲ့ စားရတာလဲ ကောင်းပါတယ် ဒီနေ့တော့ ကိုက်လန်အဖူးလေးတွေ ၀ယ်လာပြီး ၀က်ဂုတ်သားနဲ့ကြော်ဖြစ်တဲ့အတွက် ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကိုက်လံအပင် - ၇ပင်
  2. ၀က်ဂုတ်သား - 150 g
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၂မွှာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  8. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကိုက်လံအပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ၀က်ဂုတ်သားကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ဆား အချိုမှုန့် သင့်ရုံနှင့် နယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပေးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပေးပါ
  4. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပေးပါ
  5. ဆီအငွေ့ တက်လာတာနဲ့အရသာ နယ်ထားသော ၀က်ဂုတ်သားကို ထည့်ကြော်ပေးပါ
  6. အသားများ မာလာတာနဲ့ ရေမြုပ်ရုံလေးထည့်ပြီး အဖုံးအုပ်ကာ ရေခမ်းအောင် တည်ပေးပါ
  7. ရေခမ်းပြီး ဆီသံကြားတာနဲ့ဝက်သားကို ဘေးကပ်ထားပြီး ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  8. ပြီးတာနဲ့. ဘေးကပ်ထားသော ၀က်သားကို ရောမွှေကာ ရေစစ်ထားသော ကိုက်လန်များထည့်ပြီး ပဲငံပြာရည် ဆားနှင့် အချိုမှုန့်တို့ ထည့်မွှေပါ
  9. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ကိုက်လန်အရွက်များ နွမ်းစပြုလာချိန် အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ

Wednesday, 12 July 2017

မုန်လာဥမုန့်










တနေ့က အေးရှန်းမားကက်က ၀ယ်လာတဲ့ မုန်လာဥတွေနဲ့ မုန်လာဥမုန့်လေး မနေ့က လုပ်ဖြစ်တာနဲ့ ဒီနေ့ပြန်ကြော်ပြီး စားဖြစ်ပါတယ်။

အချဉ်နဲ့တို့စားရင်း ငယ်ငယ်က မကြာခန သွားစားခဲ့တဲ့ တရုတ်တန်းက မုန့်ဆိုင်လေးတွေကို အလွမ်းဖြေကာ မုန်လာဥမုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုန်လာဥဖြူ -  400 g
  2. ဆန်မှုန့် - 350 g
  3. ပြောင်းဖူးမှုန့် - 100 g
  4. ရေ - 2 လီတာ
  5. ဆား -  လဖက်ရည်ဇွန်း ၁ဇွန်း
  6. သကြား - ထမင်းစားဇွန်း၂ ဇွန်း 
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တpf၀က်
  8. ဆီ - ထမင်းစားဇွန်း ၃ဇွန်းခွဲ
ပြင်ဆင်ပုံ

  • မုန်လာဥကို အခွံခွာပြီး ခြစ်ထားပါ
  • ဇလုံတခုတွင် ခြစ်ထားသော မုန်လာဥ ဆန်မှုန့် ပြောင်းမှုန့် ဆား ဆီ သကြား ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး ရေနှင့်သမအောင်မွှေကာ ဖျော်ထားပြီး နာရီဝက်ခန့် နှပ်ထားပါ
  • မုန်လာဥက ကျက်လွယ်တဲ့အတွက် သတ်သတ်စီ ကျိုရန်မလိုပါ
  • မုန့်ကျိုပြီး ထည့်မည့်ဗန်းကို ဆီအနည်းငယ်ဖြင့် သုတ်ထားပါ
  • အားလုံသမအောင် မွှေပေးပြီးပါက မီးဖိုပေါ်တင်ကာ မီးအေးအေးနှင့် ပျစ်လာအောင် ကျိုပေးပါ 
  • ကျိုနေစဉ် အကျက်ညီစေရန် အဆက်မပြက် မွှေပေးပါ
  • ကျိုနေသော မုန့်နှစ်ရည် ပျစ်လာပါက သမအောင် ထပ်မွှေပေးပြီးမှ မီးဖိုပေါ်မှ ချပေးပါ
  • မုန့်နှစ်ကို ဆီသုတ်ထားသော ဗန်းထဲလောင်းထည့်ကာ အေအေးခံပေးပါ
  • မုန့်နှစ်များ အေးလာပါက ရေခဲသေတ္တာထဲမှာ တညလောက် အအေးခံပြီး လှီးမှသာ မုန့်သားလှီးရတာ ပိုပြီး အဆင်ပြေပါတယ်
  • အအေးခံပြီး ရရှိလာသော မုံလာဥမုန့်ကို ဆီပူပူမှာ အနည်းငယ် ကြော်ပေးပြီးပါက ဆယ်ပြီးဆီစစ်ကာ မိမိနှစ်သက်ရာ ပုံစံဖြင့် ပြင်ဆင်ကာ မိမိနှစ်သက်သော အချဉ်နှင့် တွဲဖက်ကာ  သုံးဆောင် နိုင်ပါပြီ။