Saturday, 6 August 2016

ကြက်ဥခရမ်းချဉ်သီး မွှေကြော်


ဒီဟင်းလေး ချက်မိတိုင်း မြန်မာပြည်မှာ ဆောင်းဦး၀င်ကာစ လယ်ကွင်းမြေကြီး ကျစ်စာတွေထဲက ရတတ်တဲ့ ဒီပိုးလုံးလေးတွေကို သတိရမိပါတယ် အကောင်လေးတွေကို ဒေါက်ကွေး ဘုရင်မဆိုပြီး အမျိုးအစား ခွဲထားပြီး ဒေါက်ကွေးက အနှစ်ပိုပြီးများလို့လူကြိုက်ပိုများပါတယ် ဘုရင်မကတော့ အကောင်ဖြစ်ဖို့ အရည်ခွံပျော့ပျော့ ဖြစ်နေချိန်မို့ စားလို့ကောင်းပေမဲ့ လူကြိုက် နည်းပါတယ် ခရမ်းချဉ်သီးနဲ့မွှေကြော်လိုက်ရင် နတ်သုဒ္ဒါတစ်မျှ ကောင်းလွန်းတဲ့ အစာတစ်ခုပါဘဲ။

အခုလဲ ဒီပိုးကြော်လောက် မကောင်းပေမဲ့ အရသာ ခပ်ဆင်ဆင်လေးတူတဲ့ ခရမ်းချဉ်သီးနဲ့ကြက်ဥကို မွှေကြော် ကြော်ပြီး ထမင်းပူပူလေးနဲ့စားလိုက်ရင် အရမ်းကောင်းလွန်းလို့ ကြော်နည်းလေး မျှေ၀လိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. ခရမ်းချဉ်သီး ကြီးကြီး - သုံးလုံး (သို့) ready made ဗူး - 400 g
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥ ဆား အရသာမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • Ready made ဗူး သုံးပါက အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့် ထည့်ပါ
  • ဆီအငွေ့တက်လာပါက ကြက်သွန်နီကို နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ခရမ်းချဉ်သီးကို ထည့်မွှေကာ ကျေသွားတဲ့အထိ ကြော်ပေးပါ
  • ခရမ်းချဉ်သီးများ ကျေသွားပါက ခလောက်ထားသော ကြက်ဥမွှေကို ထည့်ကြော်ပေးပါ
  • ကြက်ဥနှင့်ခရမ်းချဉ်သီးများကို အဆက်မပြတ် မွှေပြီးကြော်နေရင်းမှ ခဲပြီးကျက်လာလျှင် အရသာမြည်းပြီး၍ လိုသလိုပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ
  • ချဉ်ဖြုံ့ဖြုံ့ စိမ့်စိမ့်လေးနဲ့ စားလို့အရမ်းကောင်းတဲ့ ခရမ်းချဉ်သီး ကြက်ဥမွှေကြော်ကို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Friday, 5 August 2016

ကြက်တောင်ပံ ချဉ်စပ်




မကုန်နိုင်လွန်းသော ကြက်တောင်ပံ အဖျားလေးတွေကို ဒီနေ့တော့ မွန်ဟင်းခေါ်မလား ကရင်ဟင်းခေါ်မလား ကရင်ပြည်နယ်မှာ နေတုန်းက တစ်မုန်းသောက်ခဲ့ရတဲ့ အရည်သောက်လေး ချက်လိုက်ပြန်ပါပြီ မရမ်းပြား အခြောက်လေးတွေလဲ ရှိနေတော့ စားချင့်စဖွယ် ပြင်ဆင်လိုက်ပြန်ပြီပေါ့ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်တောင်ပံ အဖျား - အချောင်း ၃၀ခန့်
  2. မုန့်ဟင်းခါးဖတ် - 350 g 
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  5. ကြက်သွန်ဖြူ - ၅မွှာ
  6. နံနံပင် - လိုသလောက်
  7. ငရုတ်သီးစိမ်း - ဆယ်တောင့်
  8. ပဒဲကော galanga အမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. မရမ်းပြား အခြောက်  - ၅ခုခန့်
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  11. စပါးလင် - ၃ပင်
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. မုန့်ဟင်းခါးဖတ် - လိုသလောက်
  14. ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  15. ရေနွေး - ၈ခွက်ခန့်
  16. ရေအေး - လိုသလောက် ကြက်ရိုးပြုပ်ရန်

ပြင်ဆင်ပုံ
  • ကြက်တောင်ပံများကို ရေနွေးပူပူထဲမှာ ၂မိနစ်ခန့်ပြုပ်ပေးပြီး အရည်ကို သွန်ပေးပါ
  • ရေနွေးသွန်ပြီးတာနဲ့ ရေအေးနှင့် တစ်ထပ်ဆေးပေးပါ
  • ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပေးပြီး ဗီနီကာနှင့် ဆားထည့်ကာ ကြက်ခြေထောက်များကို တစ်မိနစ်လောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ရေအေးနှင့် စင်အောင်ဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ထောင်းထားပါ
  • ပဒဲကောမှုန့်ကို ပြင်ထားပါ
  • ပဒဲကောမရှိပါက ချင်းကို အစားထိုးပြီးသုံးရန် ထောင်းထားပါ
  • စပါးလင်ကို အနည်းငယ်ကျေသွားအောင် ထုထားပါ
  • ရေနွေးကို လိုသလောက် ပြင်ထားပါ
  • နံနံပင်ကို ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီကိုအပူပေးပြီး ထောင်းထားသော ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ပဒဲကောမှုန့် နှင့် ငရုတ်သီးစိမ်း) နှင့်နနွင်းမှုန့် ကို မီးအနေတော်ဖြင့် မွှေးလာအောင် မွှေကြော်ပေးပါ
  • ကြော်ထားသော အဖတ်များ မွှေးလာပြီး တော်တော်နွမ်းလာတာနဲ့ ငါးငံပြာရည်ထည့်၍ မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • ပြီးတာနဲ့ အချိုမှုန့် ထုထားသော စပါးလင် မရမ်းပြားအခြောက် ကြက်တောင်ပံတို့ထည့်ကာ  အထက်အောက်မွှေပေးပြီး မီးအနေတော်နှင့်  တစ်မိနစ်လောက် မွှေကြော်ပေးပါ
  • ကြော်ပြီးတာနဲ့ ရေတစ်ဝက်ထည့်ကာ အိုးအဖုံးဖုံး၍ ရေဆူပြီး ၁၅မိနစ်လောက် အထိတည်ပေးပါ
  • ရေဆူချိန် ပြည့်တာနဲ့ နောက်ထပ်ကျန်နေသော ရေကိုထပ်ထည့်ပြီး ကြက်ခြေထောက် နူးလာအောင် ထပ်တည်ပေးပါ
  • ရေကို မိမိနှစ်သက်သလို ရနိုင်အောင် လိုတိုးပိုလျှော့ ချင့်ချိန်ပေးပါ
  • ကြက်တောင်ပံများ နူးလာတာနဲ့ ငရုတ်ကောင်းမှုန့် ခပ်ကာ အရသာကို လိုသလိုမြည်းပြီး ပြင်ပေးပါ
  • ပူစပ်ပြီး ချဉ်ချဉ်ငံငံစပ်စပ် ဟင်းရည် မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ 
  • ဟင်းရည်အား ဒီအတိုင်း သောက်နိုင်သလို မုန့်ဖတ်ဖြင့် တွဲဖက်၍ နံနံပင်ထည့်ပေးပြီး အရသာရှိစွာ သောက်နိုင်ပါပြီ။

Thursday, 4 August 2016

ပုဇွန်ဆုတ်ကြော်





ပုဇွန်ထုတ်တွေ ၀ယ်ထားပြီး ကြော်လိုက် ချက်လိုက်နဲ့ ရိုးလာလေတော့ ပုဇွန်ဆုပ်ကြော် ကြော်ဖို့စဉ်းစားမိပြန်တယ် ငယ်ငယ်က ထမင်းပူပူလေးကို ဆီဆမ်းပြီး ပုဇွန်ဆုပ်ကြော်နဲ့စားတဲ့ အရသာက အတွေးထဲ ပြန်ရောက်လာလေတော့ စိတ်ကူးကို အကောင်အထည် ဖော်မိပြန်တဲ့ ဟင်းတမယ်ပါ။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - 500 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  6. ငရုတ်ကောင်းမှုန်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ကြက်ဥ - တစ်လုံး
  8. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်များကို ရေစင်အောင်ဆေးပြီး အခွံခွာ ခေါင်းဖြုတ် ကြောဖက်မှ အမည်းကြောင်း ဖြုတ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  • ကြက်ဥကို အနှစ်ဖယ်ပြီး အကာကိုဘဲ ယူထားပါ
  • ပုဇွန် အချိုမှုန့် ဆား နနွင်းမှုန့် ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူနှင့် ကြက်ဥအကာတို့ကို ဗလင်ဒါထဲမှာ ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • အရမ်းညက်အောင် ကြိတ်ပြီးပြီ ဆိုတာနဲ့ လုံးလို့လွယ်ကူအောင် ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှနှစ်နာရီလောက် ထည့်ထားပါ
  • ပြီးတာနဲ့ လက်ကို ရေစွတ်ပြီး ပုဇွန်လုံးလေးများကို အနေတော် ဆုပ်လုံးပေးပါ
  • ကြော်နေစဉ် ပုဇွန်ဆုပ်ကြော်များ ပွတက်လာသောကြောင့် ဇောက်နည်းနည်း နက်သော ဒယ်အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပုဇွန်ဆုတ်ကို တလုံးခြင်းထည့်ပြီး မီးအားပြင်းပြင်းနှင့် ၂မိနစ်ခန့် ကြော်ပေးပါ
  • ပြီးတာနဲ့ မီးကိုအနေတော်သို့ လျှော့လိုက်ပြီး ပုဇွန်ဆုပ်ကို တဖက်ကိုလှန်ကာ ၃မိနစ်လောက် ကြော်လိုက်ပါ
  • ပုဇွန်ဆုတ်များ ကြော်နေစဉ် ပွပြီးဆီပေါ် ပေါ်လာတာနဲ့ ဆီမြုပ်အောင် ဇွန်းယောင်းမ အရှည်နှင့် ဖိဖိပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ ခနဆယ်ထားပြီး ဆီကိုအနည်းငယ် ထပ်အေးသွားအောင် မီးကို အောက်ဆုံးထိ လျှော့ပေးပါ
  • အပူငွေ့ငွေ့လေးနှင့် နောက်ထပ် ၁၀မိနစ်လောက် ထပ်ကြော်ပေးပြီး ဆယ်၍ဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ နှစ်သက်ရာ အချဉ်နှင့် တို့ပြီးစားနိုင်သလို အစိမ်းကြော်ထဲ ထည့်၍၎င်း ဆီပြန်ချက်၍တသွယ် ထမင်းပူပူလေးနှင့် စားသုံးရန် ပုဇွန်ဆုပ်ကြော် မွှေးမွှေးလေးကို အဆင်သင့်ရပါပြီ။

Wednesday, 3 August 2016

ချဉ်ငံစပ် မှိုဟင်းချို



အရသာချိုချို မှိုလေးကို အရည်သောက်ဆမ်းလေး တမယ်ချက်ဖြစ်လို့ အမြန်အလွယ် ချက်နည်းလေး မျှဝေလိုက်ပါတယ် မှိုသဘာဝ အရမ်းချိုပြီးသားဖြစ်လို့ အချိုမှုန့် အရသာမှုန့်တွေ ထည့်ချက်စရာ မလိုလောက်အောင်ကို ကောင်းလွန်းပါတယ် ဟင်းရည်သောက် တမယ်အတွက် လွယ်ကူမြန်ဆန်လွန်းလို့ ချက်ကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မှို - 400 g
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပုဇွန်ငါးပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. သံပုရာသီး - တစ်ခြမ်း
  8. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • မှိုကိုရေဆေးပြီး ပုံပါအတိုင်း လှီးထားပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ခရမ်းချဉ်သီးကို ခပ်နုတ်နုတ် လှီးထားပါ
  • ဒယ်အိုးတလုံးထဲ ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို အိုးထဲ ထည့်ပြီး မီးအားကောင်းကောင်းနှင့် ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းတာနဲ့  ခရမ်းချဉ်သီးထည့်ကာ ကြေသွားအောင် ဇွန်းနှင့် ဖိချေ၍ မွှေကြော် ကြော်ပေးပါ
  • ခရမ်းချဉ်သီးနွမ်းသွားတာနဲ့ မီးကို အနေတော် လျှော့ကာ ငရုတ်သီး လုံးကြမ်းကွဲ ပုဇွန်ငါးပိ နှင့် ပုဇွန်ခြောက်မှုန့် ထည့်ပြီး မွှေးသွားအောင်  ဖိချေကာ ကြော်ပေးပါ
  • ပြီးတာနဲ့ မှို ထည့်ပြီး မွှေပေးပါ
  • မိနစ်ဝက်ခန့် မွှေပြီးတာနဲ့ ရေကို လိုသလောက် ချင့်ချိန်ပြီး ထည့်ပေးကာ ရေဆူအောင် တည်ပေးပါ
  • ရေဆူလာပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ သံပုရာရည် ညှစ်၍ ချဉ်ငံစပ် မှိုအစပ် ဟင်းရည်သောက်ဆမ်းကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Tuesday, 2 August 2016

ကြက်ဆီထမင်း








ဘယ်အချိန်မှာဘဲ စားစား မရိုးအီနိုင်တဲ့ အရသာ ထမင်းတစ်မျိုးပါ  ၅ယောက်စာအတွက် ချက်နည်းကို ရေးပေးထားပါတယ် ကြက်ဆီပါတဲ့အတွက် အနည်းငယ် အီတဲ့ဖက် နွယ်ပါတယ် ဒါကြောင့်မို့လို့ အများကြီး မစားနိုင်ပါဘူး မိသားစု နည်းရင်တော့ ချင့်ချိန်ပြီး ချက်စေချင်ပါတယ် မာမာပြင်ဆင်ထားပြီး ချက်ရတာ လွယ်ကူကာ စားလို့အရမ်းကောင်းတဲ့ ကြက်ဆီထမင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင် - တစ်ကီလိုခန့်
  2. ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ကြက်အဆီဖတ် - ငါးခုခန့် (သို့မဟုတ်) ကြက်အရည်ခွံ - ငါးခုခန့်
  4. စပါးလင် - ရှစ်လက်မခန့်
  5. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး အမွှာ နှစ်ဆယ်ခန့် (အချဉ်စပ်ရန် ကြက်ပြုပ်ရန်နှင့် ဆန်ဆီသတ်ရန်  ခွဲသုံးပါ)
  7. ကြက်သွန်မိတ် - ၃ပင်
  8. ချင်း - နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
  9. နံနံပင် - အနည်းငယ်
  10. ငရုတ်သီးစိမ်း - ငါးတောင့်
  11. သံပုရာသီး - တစ်ခြမ်း
  12. ပျားရည် - ထမင်းစားဇွန်း တစ်ဇွန်း ပျားရည်မရှိက သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း သုံးဇွန်း
  14. သခွားသီး - အနည်းငယ်
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း  နှစ်ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုပ်တွင်သုံးရန်)
  16. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ ( ကြက်ပြုပ်ထဲနှစ်ဇွန်းထည့်ရန်နှင့် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
  17. ရေ - လိုသလောက် သုံးပေးပါ
  18. ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ရှစ်ဗူး (ထမင်းချက်ရန်)
ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သားကို သန့်စင်အောင် ဆေးပေးထားပါ
  • ကြက်သွန်ဖြူ  လေးမွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ  
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ
  • ချင်းခပ်ပါးပါး ခွန်နှစ်ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ
  • ကြက်သွန်မိတ်ကို တစ်လက်မ အရှည်ခန့် လှီးထားပါ
  • စပါးလင်ကို နှစ်လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ကြက်သွန်ဖြူ  လေးမွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
  • ဟင်းရည်များ ဆူလာပြီ ဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
  • စုစုပေါင်း နာရီဝက်ခန့်ပြုပ်ပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ
ထမင်းချက်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေဆေးပြီး စစ်ထားပါ
  • ချင်း လက်တစ်ဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ
  • ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ
  • ဆား အနည်းငယ်ကို ပြင်ထားပါ
  • ကြက်အဆီဖတ်ကို ရေဆေးထားပါ
  • ဆီ ထမင်းစားဇွန်း နှစ်ဇွန်း
  • ဒယ်အိုးတစ်လုံးကို အပူပေးပါ
  • ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
  • ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ
  • ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ
  • နှစ်မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ရှစ်ဗူးထည့်ပြီး ချက်ပေးပါ
  • မိမိသုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ 
  • ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး  ဆန်မာကို သုံးပါက ရေပိုထည့်ပါ
  • ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုပြီး သုံးထားပါတယ်
  • ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
  • ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ
  • ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ နှစ်သက်သလို ပြင်ဆင်ပေးပြီး စားသုံးနိုင်ပါပြီ။
ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
  • ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
  • နံနံပင်ကို မညက်တညက် ထောင်းထားပါ
  • ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ
  • ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ
  • ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း ၃ဇွန်းကို ပြင်ပေးထားပါ
  • ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ

ဟင်းချိုရည်ချက်ရန်

  • ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ
ကြက်ဆီထမင်း စားရန် မိသားစု နည်းတဲ့အတွက် ကြက်သားနှင့်ဆန်ကို သင့်ရုံလေးဘဲ ချက်ထားပါတယ် မိသားစု ၅ယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးပါ။

Monday, 1 August 2016

ငါးဖယ်ငါးဆုပ် အုန်းနို့ချက် ​မွှေးမွှေးလေး


ဒီတခါတော့ အုန်းနို့နိုင်နိုင် ထည့်ချက်ထားတဲ့ ငါးဖယ်ငါးဆုပ် ပြစ်ချက်လေးကို အအီပြေအောင် ခရမ်းချဉ်သီး နိုင်နိုင်နဲ့ချက်ဖြစ်ပြန်ပါတယ်။

ငါးဖယ်ငါးဆုပ်ချက်တိုင်း ကြော်ပြီးချက်တာထက် ပြစ်ချက်လေး ချက်တာကို ပါးစပ်ထဲမှာ အရသာပိုပြီး တွေ့လေတော့ ၀ါးလိုက်တိုင်း အရသာကောင်းစေတဲ့ အုန်းနို့ငါးဖယ် ပြစ်ချက်ဟင်းချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးဖယ်ခြစ်  - 500 g
  2. ချင်း - လက်တစ်ဆစ်လောက် 
  3. ကြက်သွန်နီ - အလုံးသေး ၃လုံးခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး  ၆မွှာ (ငါးဖယ်ခြစ် ထောင်းရန်)
  5. ကြက်သွန်ဖြူ အမွှာကြီးကြီး ၅မွှာ ( ငါးဆုတ်ဆီသတ်ရန်)
  6. ဆား -  လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် (ငါးဖယ်ခြစ် ထောင်းရန်)
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  9. အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးဖယ် ထောင်းရန် ဆီသတ်ရန်)
  10. အုန်းနို့ - 110 ml
  11. ခရမ်းချဉ်သီး - အနေတော် ၅လုံးခန့် (သို့မဟုတ်)
  12. ခရမ်းချဉ်သီး - လှီးပြီးသား ready made 300 g
  13. နံနံပင် - နှစ်သက်သလောက်
  14. ရေ - အနေတော်
  15. ဆီ - ထမင်းစားဇွန်း ၅ဇွန်းသာသာ

ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ငါးဆုပ် ဆီသတ်ရန် ငရုတ်ဆုံထဲမှာ ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ညက်အောင် ထောင်းပေးပါ
  • ငရုတ်ဆုံ ကြီးကြီးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ညက်အောင်ထောင်းပြီး နနွင်းမှုန့် အချိုမှုန့်  ဆားနှင့် ငါးဖယ်ခြစ်ကိုထည့်ပြီး  စေးထန်းလာတဲ့အထိ ထောင်းပေးပါ
  • ငရုတ်ဆုံ ကြီးကြီးမရှိပါက ၂ခါ ခွဲပြီး ထောင်းပေးပါ
  • ခရမ်းချဉ်သီးကို ခပ်နုတ်နုတ် လှီးထားပါ
  • မာမာကတော့ အရောင်ရဲရဲလေး လိုချင်လို့ လှီးပြီးသား ဗူးကို သုံးထားပါတယ်
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ထောင်းပြီးသား ငါးဖယ်ခြစ်များကို လက်မှာရေစွတ်ပြီး အနေတော် အလုံးလေးတွေ ဆုပ်လုံး လုံးပေးပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို ထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီး  အချိုမှုန့် ငါးငံပြာရည်တို့ထည့်ကာ ခရမ်းချဉ်သီး ကြေတဲ့အထိ မွှေပေးပြီ တည်ပေးပါ
  • ခရမ်းချဉ်သီးများ ကြေလာတာနဲ့ အုန်းနို့ နှင့် ရေထည့်ကာ မိနစ်ဝက်လောက် ပွက်ပွက်ဆူအောင် ထားလိုက်ပါ
  • ရေကို အများကြီး တခါထဲ မထည့်ဘဲ လိုချင်သလောက် ချင့်ချိန်ပြီး ထည့်ပေးပါ
  • ဟင်းအနှစ် ပွက်ပွက်ဆူလာတာနဲ့ ငါးဖယ်ငါးဆုပ်ကို အစိမ်း ပြစ်ချက်လေး ထည့်ပြီး ချက်ပေးပါ
  • ၅မိနစ်လောက် တည်ပေးပြီး ဟင်းအိုး ပွက်ပွက်ဆူကာ အုန်းနို့ဆီပြန်လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင်အုပ်ပြီး အထက်အောက် သမအောင် မွှေပေး၍ လိုသလိုပြင်ပြီး အုန်းနို့ငါးဖယ်ခြစ်ဟင်း မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

မော်လမြိုင် မုန့်ဟင်းခါး




မာမာတယောက်က ခရီးသွားခြင်းကို မနှစ်မျို့သူ ခရီးသွားပြီးတိုင်း စိတ်ပန်းလူပန်းနဲ့ နေမကောင်းခြင်းက အမြဲဖြစ်လေ့ ရှိပါတယ် နေမကောင်းပေမဲ့လဲ စိတ်ထဲစားချင်တာ ကိုယ့်ဘာသာကိုယ် ထချက်ပြီး စားရလေတော့ အမြန်နဲ့ အလွယ်ပြီးစေမဲ့ မော်လမြိုင်မုန့်ဟင်းခါးလေး ချက်မိပြန်ပါတယ်။

မြို့အမည်တပ်ပြီး ရေးမိပေမဲ့ မော်လမြိုင်ဈေး ရောက်လေတိုင်း စားဖူးခဲ့တဲ့ အရသာကို ပြန်လည် ပုံဖော်ခြင်း မျှသာပါ မော်လမြိုင် မုန့်ဟင်းခါးက အရောင်ဖြူပြီး အရည်ကျဲပါတယ်။

မာမာက ငရုတ်သီး အရောင်လေး နည်းနည်းထည့်ပြီး ဆီသတ်ထားတာမို့လို့ အရောင်လေးတော့ ပါနေပေမဲ့ အရသာက မော်လမြိုင်မုန့်ဟင်းခါး အတိုင်းပါဘဲ အမြန်အလွယ် ချက်စားလို့ရတာမို့လို့ ချက်စားကြည့်စေချင်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. မုန့်ဟင်းခါးဖတ် - 1000 g
  2. ငါးခူ - 500 g
  3. ငါးငံပြာရည် - လိုသလောက်
  4. ဆား - လိုသလောက်
  5. စပါးလင် - ၆ပင် (ဆီသတ်ရန် ငါးပြုပ်ရန် ဟင်းအိုးထဲထည့်ရန်)
  6. ငှက်ပျောအူ - နှစ်သက်သလောက်
  7. ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ဆီသတ်ရန် )
  8. ကြက်သွန်နီ - အလုံးသေး ၁၈လုံးခန့် (ဟင်းရည်ထဲထည့်ရန် )
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး အမွှာ ၂၀ခန့် (ဆီချက် ချက်ရန်)
  10. ကြက်သွန်ဖြူ အမွှာကြီးကြီး ၅မွှာခန့် (ငါးဆီသတ်ရန်)
  11. ဆန်လှော်မှုန့် - ၁၀၀ဂရမ်
  12. ချင်း - တစ်လက်မခန့်
  13. ငရုတ်သီးအရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. နနွင်းမှုန့် - လိုသလောက်
  15. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  16. ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ငါးဆီသတ်ရန်)
  17. ဆီ လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံး (ဆီချက်ချက်ရန်)
  18. ထန်းလျှက်ခဲ - ကွမ်းသီးဆံလုံးလောက်  ၂ခဲ
  19. ရေအေး - ၃လီတာခန့် (ဟင်းရည်ချက်ရန် )
  20. ရေအေး -၂လီတာခန့် (ငါးပြုပ်ရန် ငါးရိုးအရည်ငင်ရန်)

ငါးပြုပ်ရန်
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးခူကို ထန်းလျှက်ခဲ ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ဆား စပါးလင်၂ပင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံနှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးကျက်ပါက ငါးပြုပ်ရည်ကို ဖယ်ထားပါ
  • ငါးကိုအအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပြီး အရိုးများကို စပါးလင်အရိုးများနှင့် ရောပြီးထောင်းပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ဖြင့် အရိုးများကို ငင်ပေးပြီး ဇကာဖြင့်စစ်ကာ အရည်ကိုယူထားပါ
ပြင်ဆင်ရန်
  • ငှက်ပျောအူမှ အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် အရောင်မမည်းစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်နှင့် ရေဖျော်ကာ စိမ်ထားပေးပါ
  • ကြက်သွန်နီ အလုံးကြီးကြီးကို အခွံခွာပြီး ညက်အောင် ထောင်းထားပါ
  • ကြက်သွန်ဖြူ အမွှာ၂၀ခန့်ကို ဆီချက်ရန် မညက်တညက် ထောင်းထားပါ
  • ကြက်သွန်ဖြူ ၅မွှာခန့်ကို ငါးဆီသတ်ရန် ညက်နေအောင် ထောင်းထားပါ
  • ချင်းကို ညက်နေအောင် ထောင်းထားပါ
  • စပါးလင် ၂ပင်ကို ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင် ၂ပင် ဟင်းအိုးထဲထည့်ရန် ထုထားပါ
  • ဆန်လှော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ
  • နံနံပင် ပူစီနံတို့ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပဲကြော် ပြင်ထားပါ
  • ကြက်သွန်ဖြူ ဆီချက်ကို ပြင်ထားပါ

ကြက်သွန်ဖြူ ဆီချက်ချက်ရန်

  • ကြက်သွန်ဖြူ အမွှာ၂၀လောက်ကို မညက်တစ်ညက် ထောင်းပေးပါ
  • ဒယ်အိုးတစ်လုံးမှာ ဆီ လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာထည့်ပါ
  • မီးအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ
  • မွှေးပြီးကြွတ်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးထားပါ

ဆီသတ်ရန်

  • ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်ဖြူ၊နီ စပါးလင် ချင်းတို့ကိုထည့်ပြီး မွှေးလာတဲ့အထိ ကြော်ပါ
  • ပြီးတာနဲ့ ငရုတ်သီးအရောင်တင်မှုန့်နှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မိနစ်ဝက်လောက် ရောမွှေပေးပါ
  • ငါးအသားများနှင့် ဆား လက်ဖက်ရည်ဇွန်းတ၀က်ကို ထည့်မွှေပေးပါ
  • ငါးဆီသတ်နံ့ မွှေးလာလျှင် မီးပိတ်ပေးပါ

ဟင်းရည်ချက်ရန်


  • ဇောက်နက်သော အိုးကြီးကြီး တစ်လုံးထဲမှာ ငါးပြုပ်ရည် ငါးအရိုး ကျင်ထားသောအရည် ငှက်ပျောအူ ဆား လက်ဖက်ရည်ဇွန်း တဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း ငါးဆီသတ်နှင့် ထုထားသော စပါးလင်တို့ကို ထည့်ပေးပါ
  • ငှက်ပျောအူများ  နူးလာပါက ရေ၃လီတာခန့်ကို ထည့်ပေးပါ
  • ရေ ပွက်ပွက်ဆူလာလျှင် ရေဖျော်ထားသော ဆန်လှော်မှုန့်ကို ထည့်ပြီး ရောမွှေပေးပါ
  • ဆန်မှုန့်များ ခဲမသွားစေရန် မကြာမကြာ မွှေပေးပါ
  • ဆန်လှော်မှုန့်များ အရမ်းမပွခင် ကြက်သွန်နီများကို အလုံးလိုက် ထည့်ပေးပါ
  • ကြက်သွန်နီများ နူလာပါက အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • မုန့်ပြင် ပန်းကန်လုံးထဲမှာ မုန့်ဟင်းခါးဖတ် ငရုတ်သီးအလှော်မှုန့် နံနံပင် ပူစီနံ ကြက်သွန်ဥ ပဲကြော် ကြက်သွန်ဖြူ ဆီချက် ထည့်၍ အပေါ်မှ မုန့်ဟင်းရည် လောင်းထည့်ကာ အရသာရှိစွာ မော်လမြိုင်မုန့်ဟင်းခါးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။