Wednesday 16 October 2024

နွားနို့ခဲဟင်း

 



မာမာ ဒီနေ့တော့ နွားနို့ခဲလေး ဝယ်လာဖြစ်လို့ ချဉ်ငံစပ်လေး ချက်ပါတယ် မာမာဝယ်လာတဲ့ နွားနို့ခဲက အငံဘက်ကို သွားတာဖြစ်လို့ အရသာအတွက် အငံထပ်ပြီး ထည့်စရာ မလိုပါဘူး ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နွားနို့ခဲဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. နွားနို့ခဲ - 30 g
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ခရမ်းချဥ်သီး - အနေတော်​ နှစ်လုံး
  5. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  6. နံနံပင် - မိမိနှစ်သက်သလောက်
  7. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငရုတ်သီး ​အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ချက်ပြုပ်ပုံ
  • နွားနို့ခဲကို မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွါပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ရောပြီး ထောင်းထားပါ
  • ပြီးတာနဲ့  ဟင်းချက်မယ့်အိုးထဲကို ဆီနှင့်နနွင်းမှုန့်ထည့်ကာ အပူပေးပါ
  • ဆီပူ​လာတာနဲ့ ​ထောင်းထားတဲ့ ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်တာ မွလာပြီဆိုရင် ခရမ်းချဥ်သီး​ထည့်ပြီး ကျေသွားတဲ့အထိ မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာပါက အရသာမှုန့် ထည့်မွှေပေးပါ
  • ခရမ်းချဥ်သီး​များ ကျေလာပြီး အနှစ်​လေးရပြီ ဆိုတာနဲ့ လှီးထားတဲ့ နွားနို့ခဲ​များ ထည့်ပေးပါ
  • ပြီးတာနဲ့ ​ရေနည်းနည်း ထည့်ပေးကာ မွှေပေးပြီး အဖုံးခန အုပ်ပြီးချက်ပေးပါ 
  • ပြီးတာနဲ့ အရသာအတွက် အ​ပေါ့အငံ မြည်းပြီး အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  •  ဟင်းအိုးထဲမှာ ဆီမပြန်ခင် ငရုတ်သီးစိမ်းကို ထည့်အုပ်ပေးပါ
  • ဟင်အိုးဆီပြန်လာတော့မှ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးကာ ချဉ်ငံစပ် နွားနို့ခဲဟင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Tuesday 15 October 2024

ကျောက်ပွင့်မှိုသုပ်

 



မာမာ ဒီနေ့တော့ ကျောက်ပွင့်မှိုကို ပုဇွန်ပြုပ်ပြီးသားလေးတွေနဲ့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် 
ဒါကြောင့်မိုလို့  မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကျောက်ပွင့်မှို - တစ်ခု
  2. နံနံပင် - အနည်းငယ်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. သံပုရာသီး - တစ်ခြမ်း
  5. ဆား - အနည်းငယ်
  6. ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
  • အရင်ဆုံး ကျောက်ပွင့်မှိုကို ရေနွေးပူပူထဲမှာ ငါးမိနစ်လောက် စိမ်ထားပေးပါ
  • ပြီးတာနဲ့ ရေစစ်ပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွါပြီး အလုံးလိုက် ရေဆေးကာ ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ပုဇွန်ကို အခွံခွါပြီး ရေနွေးပူပူထဲမှာ သုံးမိနစ်ခန့် ပြုပ်ပေးပြီး ဆယ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာမြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ကျောက်ပွင့်မှိုသုပ် စိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။

Monday 14 October 2024

ရှမ်းခေါက်ဆွဲ

 











မာမာ ဒီနေ့တော့ ဝက်သားဝယ်လာဖြစ်တာနဲ့ ရှမ်းခေါက်ဆွဲ လုပ်စားဖြစ်ပါတယ် ရှမ်းခေါက်ဆွဲက ဝက်သားနဲ့ချက်ရင် ပိုပြီးတော့ စားလို့အရမ်း ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ရှမ်းခေါက်ဆွဲ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ကြက်သားဟင်းချက်ရန်)
  1. ဝက်သား - 500 g
  2. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ခရမ်းချဉ်သီး - အလုံးခပ်ကြီးကြီး ငါးလုံး
  4. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် သုံးလုံး
  6. ပဲငပိ - ထမင်းစားဇွန်း လေးဇွန်း
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ဝက်သားကို ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေ တုံးပေးကာ ဆား နနွင်းမှုန့် အရသာမှုန့်နှင့် တရုတ်မဆလာတို့ထည့်ပေးကာ အရသာဝင်အောင် နယ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးကာ ကြိတ်စက်ထဲမှာ ညက်နေအောင် ကြိတ်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပြီး အိုးထဲမှာ ဆီထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြိတ်ထားသော ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို တစ်ခါထဲထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ကျေလာတဲ့အထိ မွှေပေးပြီး ဆီသတ်ပါ
  • ခရမ်းချဉ်သီများး ကျေလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပြီး ဆီသတ်ပါ
  • ဝက်သား အသားများ မာတင်းလာပြီး အရောင်ပြောင်းလာမှ ပဲငပိကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး  ဝက်သားများ နူးလာအောင် တည်ပေးပါ
  • ဝက်သားများ နူးလာပြီး ရေမခမ်းခင် အချိန်မှာ အရသာမြည်းကာ လိုသလိုပြင်ပြီး မီးပိတ်ထားကာ လက်ကျန်အပူနှင့် ဟင်းအိုးကို မီးဖိုပေါ်မှာ ထားပေးပါ
  • ဒါဆိုရင်တော့ ရှမ်းခေါက်ဆွဲထဲ ထည့်စားဖို့အတွက် ဝက်သားဟင်း မွှေးမွှေးလေးကို ရပါပြီ။
  
မြေပဲလှော်ထောင်းရန်
  • မြေပဲလှော် ထမင်းစားဇွန်း ငါးဇွန်းခန့်ကို အခွံခွာပြီး သန့်စင်ထားပါ
  • ပြီးတာနဲ့ မညက်တစ်ညက် အနေအထားလေး ရလာအောင် ထောင်းထားပါ
ဆန်စီးခေါက်ဆွဲပြုပ်ရန်
  • ဆန်စီးခေါက်ဆွဲခြောက် 370 gကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိတ်ထားပါ
  • ရေစိမ်ထားသော ဆန်စီးခေါက်ဆွဲ ရေနွေးဆူဆူထဲမှာ ထည့်ပေးပြီး အနေတော်လေး ပျော့လာတဲ့အထိ ပြုပ်ပေးပါ
  • ဆန်စီးခေါက်ဆွဲများ ပျော့လာပါက ဇကာထဲ သွန်ချ၍ ရေနှင့် ၂ခါလောက် ဆေးပေးပြီး ရေစစ်ထားပါ
ငရုတ်သီး ကြော်ရန်
  • ငရုတ်သီး လုံးခြမ်းကွဲကိုကြော်ရန် ဆီ ထမင်းစားဇွန်း သုံးဇွန်းကို အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော်လျှော့ပြီးမှ ငရုတ်သီး လုံးခြမ်းကွဲ ထမင်းစားဇွန်း လေးဇွန်းကို ထည့်မွှေပါ
  • နီနီညိုရောင် သန်းလာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
နှမ်းဆီချက် ချက်ရန်
  • ဆီထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နှမ်းဖြူ  ထမင်းစားဇွန်း လေးဇွန်းလောက်ကို ဆီထဲထည့်မွှေပါ
  • နှမ်းစေ့များ ဝါရောင်သန်းလာတာနဲ့ ပန်းကန်တစ်လုံးထဲထည့်ပြီး အအေးခံထားပါ
ဟင်းခါးရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်ရိုး - 150 g
  2. ချင်း - တစ်လက်မခန့်
  3. ရှောက်ကော - ခပ်သေးသေး တစ်လုံး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ရေ - လိုသလောက် သုံးပေးပါ
ဟင်းခါးချက်ပုံ
  • ကြက်ရိုး 150 g ကို ရေစင်အောင် ဆေးထားပါ 
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဆား အရသာမှုန်းနှင့် ငရုတ်ကောင်းမှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့ ရှောက်ကော ကြက်ရိုးများနှင့် ချင်းကိုထည့်ပြီး ပြုပ်ပေးပါ 
  • ကြက်ရိုးပြုပ်နေစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ 
  • ကြက်ပြုပ်ရည် မခမ်းခင် ရေကိုလိုသလောက် ထပ်ထည့်ပြီး အရသာမှုန့်နှင့် ဆားတို့ကို ထည့်ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သွန်ဖြူ  နှစ်မွှာကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထည့်ပါ
  • ဟင်းရည် ပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ငရုတ်ကောင်းမှုန့် ထည့်ပြီး မီးနွေးနွေးနှင့် တည်ထားပါ
မုန့်ပွဲပြင်ဆင်ပုံ
  • နံနံပင်ကို ရေဆေးပြီး မထူမပါး အနေတော်လေးတွေ လှီးပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော ပန်းကန်တစ်လုံးထဲ ဆန်စီးဖတ်ကို တစ်ပွဲစာလောက် ထည့်ပေးပါ
  • ချက်ထားသော ဝက်သားဟင်း အနှစ်နှင့် အသားတို့ကို မျှတအောင် ထည့်ပေးပါ
  • နံနံပင် မြေပဲထောင်းနှင့်နှမ်းဆီချက် ငရုတ်သီးဆီချက်ကို ထမင်းစားဇွန်း တစ်ဇွန်းစီ ထည့်ပေးပါ
  • ငရုတ်သီးကြော် ကြိုက်ပါက စားနိူင်သလောက် ထည့်ပေးပါ
  • ဟင်းခါးရည်နှင့် တွဲဘက်ပြီး စားသုံးရန် အဆင်သင့် ဖြစ်နေတဲ့ ရှမ်းခေါက်ဆွဲကို စားသုံးရန် ရပါပြီ။
  • ရှမ်းခေါက်ဆွဲကို အရည်လေးနဲ့ ကြိုက်ပါက ဟင်းခါးရည် ဆမ်းပေးကာ နယ်ဖတ်ပြီး စားသုံးနိူင်သလို အရည်နှင့် မကြိုက်ပါက ဟင်းခါးရည် မထည့်ဘဲ စားသုံးနိူင်ပါတယ်ရှင်။

Friday 11 October 2024

ပြောင်းဖူး နွားနို့ကြော်






မာမာ ဒီနေ့တော့ ပြောင်းဖူးကို ထောပါတ်နဲ့ နွားနို့ထည့်ကာ ကြော်ထားပါတယ် သရည်စာ အဖြစ်နဲ့ စားလို့ကောင်းသလို ထမင်းပူပူလေးနဲ့လဲ လိုက်ဖက်ပါတယ်။ 

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထား ပြောင်းဖူးနွားနို့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြောင်းဖူး - နှစ်ဖူး
  2. နွားနို့ - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  3. ဆား - အနည်းငယ်
  4. ထောပါတ် - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

  • အရင်ဆုံး ပြောင်းဖူးကို အခွံခွါကာ အမျှင်လေးတွေဖယ်ပြီး သန့်စင်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး  ဓါးနဲ့လှီး ထားပေးပါ
  • ဒယ်အိုးထဲကို ထောပါတ်နှင့် လှီးထားသော  ပြောင်းဖူးများ ဆားနှင့် နွားနို့ ထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမအောင် မွှေပြီးတာနဲ့ နို့များတဖြည်းဖြည်းချင်း ခမ်းလာပါက အရသာ မြည်းပေးပြီး စိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • နွားနို့ အရည်လေးများ ခမ်းလာပါက မီးပိတ်ကာ ပြောင်းဖူးနွားနို့ကြော် ပူပူလေးကို သုံးဆောင်ပါပြီ။

Thursday 10 October 2024

မုံလာဥ ကြက်ဥမွှေကြော်


မာမာ ဒီနေ့တော့ မုံလာဥ ဝယ်လာကာ မုံလာဥကို ကြက်ဥထည့်ပြီး ကြော်ပါတယ်။ ကြော်ရတာတော့ အရမ်းမြန်ပြီး စားလို့လဲ အရမ်းကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

 ပါ၀င်ပစ္စည်းများ
  1. မုံလာဥ - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  2. ကြက်ဥ - တစ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်းခန့်
  7. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • မုံလာဥကို အခွံခွာပြီး ပုံပါအတိုင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးကာ ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ကြက်သွန်ကြော်နံ့ မွှေးလာတာနဲ့ မုံလာဥကို ထည့်ပေးကာ  ကြော်ပေးပါ
  • အားလုံး သမသွားတာနဲ့ ဆားနှင့် အရသာမှုန့် တို့ကိုထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက မုံလာဥကြက်ဥ မွှေကြေ်မွှေးမွှေး စိမ့်စိမ့်လေး ရပါပြီ။

Tuesday 8 October 2024

မှိုကြော်ချက်


 
ထမင်းစားတဲ့အခါ အရည်သောက်လေးပါမှ ထမင်းမြိန်လေတော့  မှိုလေးတွေ ဝယ်လာပြီး အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မှို - 500 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • မှိုများကို ရေဆေးပြီး အနေတော်လေးတွေ ဖဲ့ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်အဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ မှိုများကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။

Sunday 6 October 2024

အာလူး အရည်သောက်

 


မာမာ ဒီနေ့တော့ အာလူးအရည်သောက်ဆမ်းလေး ချက်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ထမင်းဝိုင်းမှာ အရည်သောက်လေးပါမှ ထမင်းစားလို့ကောင်းပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ငါးဆားနယ်ကြော်ကို ငရုတ်သီးစပ်စပ်နဲ့ကြော်ပြီး ငါးဆားနယ်ကြော်နဲ့ လိုက်ဖက်လွန်းတဲ့ အာလူးအရည်သောက် ကြော်ချက်လေး တစ်မယ်ချက်လိုက်ပါတယ်။

စားချင့်စဖွယ် စားမြိန်အရည်သောက် ဟင်းလေးမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အာလူး - အနေတော် လေးလုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်ဥ - တစ်လုံး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • အာလူးကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • အိုးတစ်လုံးထဲမှာ အာလူး နနွင်းမှုန့် ဆား ဆီ အရသာမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ နှင့်ရေအနည်းငယ်တို့ကိုထည့်ကာ သမအောင် နယ်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး ဟင်းလုံးမိအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး သုံးမိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ရေအနည်းငယ် ထပ်ထည့်ပြီး ၃မိနစ်လောက် အဖုံးအုပ်ပြီး တည်ထားပါ
  • ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တစ်လုံးခွဲစာ ထည့်ပြီး ဆူအောင်တည်ပါ
  • ဟင်းရည်ဆူလာပြီး အာလူးများ နူးလာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူနေတုန်းမှာ ကြကဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥများ ကျက်တာနဲ့ အာလူးအရည်သောက် ဟင်းပွဲကို ပြင်ပေးနိူင်ပါပြီ။

Tuesday 1 October 2024

အုန်းနို့ခေါက်ဆွဲ (ပွဲတစ်ရာစာ)

 


တပိုင်တနိူင် အလှူအတွက် အုန်းနို့ခေါက်ဆွဲ ချက်နည်းကို လာလာမေးကြတဲ့အတွက် အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခေါက်ဆွဲဖတ်  -  ၈ ပိဿာ
  2. ကြက်သား  -  ၂ ပိဿာ 
  3. ငါးဖယ်  -  ၁ ပိဿာ 
  4. ဘဲဥ  -  အလုံး ၅၀ 
  5. ပဲစိမ်းမှုန့်  -  ၈၀ ကျပ်သား 
  6. ငရုတ်သီးအရောင်တင်မှုန့်  -  ၂၀ ကျပ်သား 
  7. ဆီ  -  ၃၀ ကျပ်သား 
  8. အုန်းသီး (သို့) နို့စိမ်း  -  ၈ လုံး (သို့) ၈ ဘူး
  9. သကြား  -  စားပွဲဇွန်း ၁၆ ဇွန်း (မောက်မောက်) 
  10. ဆား  -  စားပွဲဇွန်း ၁၀ ဇွန်း  (မောက်မောက်)
  11. အရသာမှုန့်  -  စားပွဲဇွန်း ၅ ဇွန်း (မောက်မောက်)
  12. ကြက်သွန်နီဥသေး  -  ၂ ပိဿာ (ထည့်ရန်)
  13. နနွင်းမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
  14. မုန့်ကြွတ်ကြော်  -  ၅၀ ကျပ်သား
  15. ကြက်သွန်နီဥကြီး  -  ၁  ၁/၂ ပိဿာ (အစိမ်းထည့်စားရန် ပါးပါးလှီး)
  16. ရှောက်သီး  -  ၁၅ လုံး (အရည်ရွှမ်းရွှမ်း)
  17. ငရုတ်သီးလှော်မှုန့်  -  ၃၀ ကျပ်သား 
  18. ယိုးဒယားငံပြာရည်  -  ၁ လုံး (အလယ်တည်ရန်)
  19. ကြက်သွန်ဖြူဗမာဥ  -  ၅ ဥ 
  20. ပဲကြော် - အချပ် ၁၀၀
  21. ရေ  -  (ဆန် ၁ ပြည်ချက် အိုးတစ်ဝက်ပါ) ၈ လုံး 

(အပျစ်အကျဲအတွက် ထပ်လိုက်နိုင်ပါတယ်။ ပဲစိမ်းဖျော်ရာမှာလည်း ရေပါဝင်မှာ ဖြစ်တဲ့အတွက် ပျစ်လျှင် ရေနွေးလိုက်လို့ ရပါတယ်။ မကျဲအောင် ဂရုစိုက်ပါ။) 


ပြုလုပ်နည်း

  • ဘဲဥကို ပြုတ်ထားပါ။ 
  • ပဲစိမ်းမှုန့်ကို အလုံးအခဲမကျန်အောင် ရေဖျော် ထားပါ။ 
  • ကြက်သားကို အခြမ်းလိုက် ရေဆေးပြီး ရေစစ်ထားပါ။ 
  • ရေနွေးအိုး တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူဥအတိုင်း အပေါ်ခွံချွတ်ပြီး ရေဆေး၍ ၂ ဥ ထည့်ပါ။ 
  • ဆား စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သားထည့်ပြုတ်ပါ။ 
  • အစိမ်း မကျန်ဘဲ ခပ်တင်းတင်းလေး နူးလာလျှင် ဆယ်ယူပြီး အအေးခံ၍ အဖတ် ကြီးကြီးတွေ လွှာထားပါ။ 
  • ကြက်ပြုတ်ရည်ထဲ ချင်း၊ ကြက်သွန်ဖြူရည်၊ ဆား၊ အရသာမှုန့်နယ်၍ စေးအောင် ပေါက်ထားသော ငါးဖယ်များကို ခပ်ကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ။ 
  • အပေါ်ပေါ်လာပါက ခဏထား၍ ဆယ်ထုတ်ပြီး အနေတော်လေးတွေ လှီးထားပါ။ 
  • ဆီပူအိုးတည်ပြီး ပူလာလျှင် မုန့်ကြွတ် ကြော်ပြီး ဆယ်ယူ ထားပါ။ 
  • အေးလျှင် လေလုံသောဘူး (သို့) အိတ်ထဲထည့်ပြီး လေလုံအောင် သိမ်းပါ။ 
  • ကျန်ဆီထဲ ကြက်သွန်ဖြူ ၃ ဥကို မညက်တညက် ထောင်းပြီး ဆီသတ်ပါ။ 
  • နနွင်းမှုန့်ထည့်ပါ။ 
  • ကြက်သွန်ဖြူရနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး လွှာထားသော ကြက်သားများထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား ၁ ဇွန်း ထည့်ပါ။ 
  • မွှေးလာလျှင် ဆယ်ယူလို့ရ ပါပြီ။ 
  • ရေချိန်ကို ကြက်ပြုတ်ရည်အပါ အပေါ်မှာပြထားသည့်အတိုင်း ထည့်ပါ။ 
  • ဆူလာလျှင် ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ထည့်ပြီး နာနာမွှေ၍ မီးမှန်မှန်နဲ့တည်ပါ။ 
  • ပဲစိမ်းက အိုးကပ်ပြီး တူးတတ်ပါတယ်။ 
  • ပဲစိမ်းနံ့ပျောက်လျှင် အုန်းနို့ရည် လောင်းပါ။ 
  • ကြက်သား၊ ငါးဖယ်၊ ပြုတ်ထားတဲ့ဘဲဥကို ပါးပါးလှီးထည့်ပြီး ကြက်သွန်ဥထည့်ပါ။ 
  • အရသာမှုန့်၊ ဆား၊ သကြားထည့်ပြီး အပျစ်အကျဲ မှန်းဆပါ။ 
  • အရသာမြည်းပါ။ 
  • ပွက်ပွက်ဆူလာလျှင် ရပါပြီ။ 
  • ပွဲပြင်ရန်မှာ ခေါက်ဆွဲဖတ် အနေတော် ဖြတ်ထားပါ။
  • ကြက်သွန်နီဥကြီးကို ပါးပါးရိပ်ရိပ် လှီးပြီး ရေဆေး ထားပါ။ 
  • ရှောက်သီးလှီးထားပြီး ငံပြာရည်၊ ငရုတ်သီးလှော်မှုန့် နှင့် မုန့်ကြွပ်ကြော်ကို လှလှလေးပြင်ထားပါ။ 
  • စားမည်ဆိုမှ ပဲကြော်ထည့်ပါ။