Monday 4 December 2023

ချဉ်ငံစပ် ပဲကြာဇံ ထမင်းသုပ်



 အခုရက်ထဲ အသုပ်စုံလေးတွေဘဲ စားချင်မိလေတော့ အစာပလာတွေကို အလုပ်အားတုံး အဆင်သင့် ပြင်ထားပြီး စိတ်ထဲပေါ်လာတဲ့ အသုပ်လေးတွေကို လွယ်ကူမြန်ဆန်စွာနဲ့ သုပ်စားဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာသုပ်စားဖြစ်တဲ့ ထမင်းနဲ့ပဲကြာဇံသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ချက်ပြီးသား ထမင်း - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  2. ပဲကြာဇံ - 100 g
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. ပုဇွန်ခြောက်မှုန့် - လိုသလောက်
  5. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  6. အရသာမှုန့် - လိုသလောက်
  7. ကြက်သွန်ဖြူ  ဆီချက် - လိုသလောက်
  8. ကြက်သွန်နီ ဆီချက်ဖတ် - လိုသလောက်
  9. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - လိုသလောက်
  11. နံနံပင် - လိုသလောက်

ကြာဇံပြုပ်ရန်
  • ဆန်ကြာဇံကို ရေမြုပ်အောင်ထည့်ုပြီး အနည်းဆုံး သုံးနာရီလောက် ရေစိမ်ထားပါ
  • ရေစိမ်ပြီးတာနဲ့ ရေများကို သွန်ပလိုက်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး ထည့်ထားပါ
  • ရေကို ပွက်ပွက်ဆူအောင်တည်ပြီး ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  • ရေနွေးထည့်ပြီးတာနဲ့ သုံးမိနစ်လောက် စိမ်ထားပြီး ရေနွေးကို သွန်ပေးကာ ရေစစ်ထားပါ

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ထမင်း
  • ပဲကြာဇံ
  • ဆီချက်
  • ငါးငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • အချိုမှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • မန်ကျည်းသီးမှည့်ရည်
  • လှီးထားသော နံနံပင်

ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့် ကြော်ပေးပါ
  • ကြက်သွန်ဖြူများ အဝါရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပြီး အအေးခံထားပါ
  • ဆီကိုလဲ အအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တစ်၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ နှစ်မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးထည့်ပြီး ရေဆူအောင်တည်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
အသုပ်တစ်ပွဲစာပြင်ရန်
  • ချက်ပြီးသားထမင်း
  • ပဲကြာဇံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပေးပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြာဇံတစ်ပွဲစာနှင့် ထမင်း တို့ထည့်ပါ  
  • ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း၊ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း မကျည်းမှည့်ရည် ထမင်းစားဇွန်း တစ်၀က်သာသာနှင့်နံနံပင် တို့ကိုထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • စားပွဲပြင်ပြီးတာနဲ့ စားပွဲပြင်ရန် ပန်းကန်ပြားထဲ  ပြောင်းထည့်ပေးပါ
  • ချဉ်ငံစပ် ထမင်းပဲကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ကြက်သွန်နီဆီချက်ဖတ်ကို ဖြူးပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment