Sunday 24 December 2023

သတ်သတ်လွတ် ဆန်လှော်ဆန်ပြုပ်

 


ဆန်လှော်ဆန်ပြုပ်လေး သောက်ချင်လာတော့ ဆန်ကိုအရင်ဆုံး လှော်ပြီး ဆန်ပြုပ်ဖို့ ပြင်ရပြန်ပါတယ် တစ်ခါတလေလဲ ဆန်အစိမ်းအတိုင်း ပြုပ်ရတာ က လက်မဝင်ပေမဲ့ ဆန်လှော်လေးနဲ့ ပြုပ်ချင်ရင်တော့ နည်းနည်းလေးတော့ လက်ဝင်ပါတယ်။

ဒါပေမဲ့လည်း မာမာက ဆန်လှော်ဆန်ပြုပ်လေးတွေ မကြာမကြာ ပြုပ်တတ်လို့ ဒီတစ်ခါတော့ အသားမပါဘဲ သတ်သတ်လွတ် ဆန်ပြုပ်အတွက် ပြင်ဆင်နည်းနဲ့ ဆန်ပြုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  2. ရေ - လိုသလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  4. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်မိတ် - လိုသလောက်
  6. ကြက်သွန်ဖြူကြော် - လိုသလောက်
  7. ကြက်သွန်နီကြော် - လိုသလောက်
  8. လှော်ပြီးသားနှမ်းဖြူလှော် - လိုသလောက်
  9. လှော်ပြီးသား နှမ်းနက်လှော် - လိုသလောက်
  10. ကြက်သွန်နီ - အနေတော် သုံးလုံး
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  12. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆန်လှော်ပြုပ်ရန် ပြင်ဆင်ပုံ
  • ဆန်ကို ရေမဆေးဘဲ ရွှေအိုရောင် သန်းလာတဲ့ထိ မီးအနေတော်နှင့်လှော်ပေးပါ
  • ဆန်လှော်နေစဉ် မတူးအောင် အဆက်မပြတ် မွှေပေးပါ
  • ရွှေအိုရောင် သန်းလာတာနဲ့ ပြုပ်မည့်အိုးထဲသို့ ပြောင်းထည့်ပါ
  • ဆန်လှော်ရဲ့ အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • အိုးအောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကြည့်ပြီး ထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ
  • ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ
ဆန်ပြုပ်ရန် ပြင်ဆင်ပုံ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး သေးသေးနုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  • ငရုတ်ကောင်းကို မွှေးနေအောင်လှော်ပြီး ညက်နေအောင် ထောင်းထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပြုပ်ထားသော ဆန်လှော်ဆန်ပြုပ် အိုးထဲကို ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီများ နူးအိလာတဲ့အထိ မီးအနေတော်နှင့် ပြုပ်ပေးပါ
  • ကြက်သွန်နီများ နူးအိလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးပူပူကို ထည့်ပေးကာ အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ ကြက်သွန်ဖြူထည့်ပြီး ရေဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ အပျစ်အကျဲကို မိမိလိုသလို ထည့်ပေးပါ
  • ပြီးတာနဲ့ ဆန်လှော်ဆန်ပြုပ်ကို ကြက်သွန်ဖြူကြော် ကြက်သွန်နီကြော် နှမ်းဖြူလှော် နှမ်းနက်လှော် ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်တို့ ထည့်ပေးကာ သတ်သတ်လွတ် ဆန်လှော်ဆန်ပြုပ် မွှေးမွှေးလေးကို သောက်နိူင်ပါပြီ။

No comments:

Post a Comment