ဒီနေ့တော့ စားလို့အရမ်းကောင်းလွန်းတဲ့ အချို ပွဲလေး ပြင်ဖြစ်ပါတယ် ကောက်ညှင်းပေါင်းလေး ပေါင်းဖြစ်တော့ ဒီအတိုင်း စားရတာလဲ ရိုးသလို ဖြစ်လာတာနဲ့ ကောက်ညှင်းပေါင်းကို အုန်းနို့ဆမ်းကာ သရက်သီးမှည့်လေးနဲ့ စားကြပါမယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- အုန်းနို့ - 450 g (ready made တစ်ဗူး)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သရက်သီးမှည့် - တစ်လုံး
- ပေါင်းအိုး - တစ်လုံး
- Baking paper - လိုသလောက် သုံးပေးပါ
အုန်းနို့ချက်ရန်
- ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ အုန်းနို့နှင့် ဆားကိုထည့်ပြီး တည်ပေးပါ
- အုန်းနို့အိုး တည်ထားစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ မွှေပေးပါ
- အုန်းနို့ ခပ်ပျစ်ပျစ်လေး ရလာတာနဲ့ မီးပိတ်ပေးပါ။
ပြင်ဆင်ပုံ
- ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
- ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
- ရေစစ်သွားတာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
- မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးထားပါတယ်
- ပေါင်းအိုးအောက်ခံ အိုးထဲမွာ ရေထည့်ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
- ပြီးတာနဲ့ ပေါင်းအိုးကို အဖုံးအုပ်ပြီး ပေါင်းမည့်ခလုတ်နှိပ်ကာ မိနစ်၂၀ ချိန်ပေးပြီး ပေါင်းပေးပါ
- ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
- အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
- သရက်သီးမှည့်ကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
- အုန်းနို့ချက်ပြီးသားကိုလဲ အဆင်သင့် ပြင်ထားပါ
- ပြီးတာနဲ့ ကောက်ညှင်းပေါင်း အပေါ်မှာ အုန်းနို့ကို ဆမ်းပေးပါ
- အုန်းနို့နံ့ မွှေးမွှေးလေးနဲ့ သရက်သီးစိတ်လေးများ ထည့်ပေးကာ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment