Tuesday 18 August 2020

ကြက်သားစင်းကော ခေါက်ဆွဲကြော်





ထမင်းမစားချင်တဲ့ နေ့တွေဆိုရင် အခုလိုမျိုး အသားနည်းနည်းနဲ့ ခေါက်ဆွဲကြော်လေး ကြော်စားရတာက ပိုပြီးတော့ စားလို့မြိန်တယ်လို့ ထင်မိပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြက်သားစင်းကော ခေါက်ဆွဲကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲပြား အစို - လေးဆယ်သား
  2. ကြက်ရင်ပုံသား - 200 g
  3. ဘရော့ကိုလီ - အခက်ကြီးကြီး သုံးခက်
  4. ပဲတောင့်ရှည် - ငါးတောင့်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ရွှေပဲသီး - မိမိနှစ်သက်သလောက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  13. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  14. တရုတ္နံနံ - မိမိနှစ်သက်သလောက်
  15. ကြက်ဥ - တစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်နုတ်နုတ် စင်းထားပါ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ဘရော့ကိုလီကို ရေဆေးကာ အခက်သေးလေးတွေရအောင် လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ရွှေပဲသီးကို ရေဆေးပြီး အကြောသင်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • တရုတ္နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ စင်းထားသော ကြက်သားကို ထည့်ကြော်ပေးပါ
  • ကြက်သားကြော်မှ ထွက်လာသော အရည်များ ခမ်းသွားတာနဲ့ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ပဲသီး ဘရော့ကိုလီနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ရွှေပဲသီးနှင့် တရုတ်နံနံကိုထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော်မွှေးမွှေးလေးကို မိမိနှစ်သက်ရာ ဟင်းချို ဟင်းခါးတို့နှင့် သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment