Wednesday 12 August 2020

ဖက်ထုတ်ကြော်

ဒီနေ့တော့  ရေခဲသေတ္တာထဲမှာ လက်ကျန်ရှိတာတွေ ထုတ်ပြီး ဖက်ထုတ်ကြော်လေး ကြော်ဖြစ်ပါတယ် အစာပြေအတွက် အရမ်းအဆင်ပြေတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖက်ထုတ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 250 g
  2. ပုဇွန်ထုတ် - အခွံချွတ်ပြီးသား 100 g
  3. ဖက်ထုတ်ရွက်  - အရွက်၃၀ခန့် (ready made အရွက်ကို သုံးထားပါတယ်)
  4. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
  7. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင် (40 ml)
  11. တရုတ်နံနံ - လှီးပြီးသား  (30 mlခန့်)
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. နေကြာဆီ - လီတာ၀က်ခန့်

ပြင်ဆင်ပုံ

  • ကြက်ရင်ပုံသားကို ခပ်သေးသေးလေးတွေ လှီးထားပါ
  • ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  • ကြက်သားနှင့် ပုဇွန်ကို ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တဆစ်စာ အနေလောက် လှီးပေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတလုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ကြက်သားပုဇွန်အရော ကြက်သွန်မိတ် တရုတ်နံနံ တရုတ်မဆလာ ငရုတ်ကောင်းမှုန့် ဆား အချိုမှုန့် နှမ်းဆီ mushroom soy saue, cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ

ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ

  • ဖက်ထုတ်အရွက် တရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီ၀က်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • အစာထည့်ပြီးသော ဖက်ထုတ်အရွက်ဧ။် အနား၂ဖက်ကို ရေနှင့် အနည်းငယ် စွတ်ပေးပြီး ပုံပါအတိုင်း ခေါက်ပေးပါ
  • အနား၂ဖက် ကပ်သွားစေရန် လက်မနှင့် လက်ညှိုးကြားထည့်ကာ လိုက်ဖိပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တခုနှင့် တခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ကြော်မစားသေးပါက နာရီ၀က်လောက် လေသလပ်ခံပြီးမှ တခုနှင့်တခု ထပ်ထားပြီး သိမ်းပေးပါ
  • ထိုနည်းအတိုင်း ဖက်ထုတ်အရွက်များ ကုန်တဲ့အထိ ထုပ်ပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိူင်သလောက် ကြော်ပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ အပေါ်ထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ ကြော်နိူင်ပါတယ်

ကြော်ရန် ပြင်ဆင်ပုံ

  • ကြော်နေစဉ် ဖက်ထုတ်အပြင်သား အကျက်မမြန်စေရန်အတွက် အိုးအသားထူသော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ဖက်ထုတ်အပြင်ခွံ ကျက်ပြီးအရောင် မလှသလို အတွင်းက အစာများ မကျက်ဘဲ ဖြစ်တတ်ပါတယ်
  • မီးလျော့ပြီး အိုးထဲမှဆီ အငွေ့သေလောက်မှ ဖက်ထုတ်များကို တစ်ထုတ်ခြင်း တစ်ခုနှင့်တစ်ခု မကပ်အောင် ထည့်ပေးပါ
  • ပြီးတာနဲ့ ရေကို ဖက်ထုတ်မမြုပ်တစ်မြုပ်လောက် ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန်နှင့် အိုးကပ်ပြီး ဖက်ထုတ်ရွက်များ ပေါက်မထွက်စေရန်အတွက် တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ အရသာရှိလွန်းသော ပုဇွန်ကြက်သား ဖက်ထုတ်ကြော်ကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိူင်ပါပြီ။

No comments:

Post a Comment