ဒီနေ့တော့ ခရမ်းသီးကို မီးသွေးမီးဖိုနဲ့ မဟုတ်ဘဲ မိုက်ခရိုဝေ့နဲ့ ဖုတ်ထားပြီး ခရမ်းသီး သုပ်လေးသုပ်စားဖြစ်လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ခရမ်းသီး မီးဖုတ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ခရမ်းသီး - အနေတော် တစ်လုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- မြေပဲကြော် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
- နံနံပင် - နှစ်သက်သလောက်
- ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - စားနိုင်သလောက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
ပြင်ဆင်ပုံ
- ခရမ်းသီးကို ရေဆေးပြီး ခရင်းဖြင့် ခပ်ကျဲကျဲ လိုက်ထိုးပေးပြီး ပန်းကန်ပြားပေါ်မှာ တင်ပေးပါ
- ထိုပန်းကန်ကို မိုက်ခရိုဝေ့ မီးဖိုထဲမှာထည့်ပြီး အဖုံးခပ်ဟဟအုပ်ပေးကာ တစ်ဖက်ကို လေးမိနစ်ခန့် ဖုတ်ပေးပါ
- လေးမိနစ် ပြည့်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး လေးမိနစ် ထပ်ဖုတ်ပေးပါ
- ခရမ်းသီး အလုံးကြီးပါက မီးဖုတ်ချိန်ကို ပိုပြီးဖုတ်ပေးပါ
- မီးဖုတ်ထားသော ခရမ်းသီးကို အပြင်ထုတ်ပေးပြီး အခွံခွာပေးပါ
- ပြီးတာနဲ့ ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး အခွံခွာထားသော ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
- မြေပဲကို ကျက်အောင်ကြော်ပြီး အခွံခွာကာ သန့်စင်ထားပါ
- အသုပ်ထဲမှာ ပါဝင်မည့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးပါ
- ပြီးတာနဲ့ အရသာ မျှတအောင် ခပ်ဖွဖွ နယ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- ပဲဆီနံ့ သင်းပျံ့နေတဲ့ ခရမ်းသီး မီးဖုတ်သုပ် မွှေးမွှေးလေးကို သတ်သတ်လွတ် ဟင်းတစ်မယ် ပြင်ပေးနိုင်သလို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
- မီးသွေးမီးဖိုနှင့် ခရမ်းသီးကို မီးဖုတ်ပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
- မီးဖုတ်လို့ ကျက်တာနဲ့ အထက်ပါ နည်းအတိုင်း ပြင်ဆင်ပေးပါ။
No comments:
Post a Comment