Friday 7 June 2019

ခရမ်းကြွတ်သီးနှပ်


အိမ်ကအပင်ကခူးတဲ့ ခရမ်းကြွတ်သီးလေးတွေကို ဒီနေ့တော့ ပုဇွန်ထုတ်လေးတွေနဲ့ အစပ်နှပ်ပါတယ် အရမ်းစားလို့ကောင်းပြီး ထမင်းမိန်စေတဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းကြွတ်သီး - 250 g
  2. ပုဇွန်ထုတ် - 100 g
  3. ကြက်သွန်နီ - အနေတော် တဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီးစိမ်း - ၁၀တောင့်
  7. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  10. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ် အခွံခွာကာ ကြောဖက်မှ အမည်းကြောင်း ထုတ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ပါဝင်ပစ္စည်းများ ပြင်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ခရမ်းသီး ပုဇွန်ထုတ် ဆီ ကြက်သွန်ထောင်း ငရုတ်သီးစိမ်းထောင်း နနွင်းမှုန့်နှင့် အရသာမှုန့်တို့ကိုထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ 
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက အိုးမကပ်စေရန် အိုးကိုအသာလေး လှုပ်ပေးပါ
  • ပြီးတာနဲ့ အဖုံးအုပ်ပြီး ဆက်တည်ပေးပါ 
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး ခရမ်းသီး မနူးသေးပါက ရေနွေးပူပူ အနည်းငယ်ထည့်ပေးပြီး အထက်အောက် သမသွားအောင် အိုးကို လှုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ဖြစ်ပါက အရည်အနည်းငယ်ချန်ကာ မီးပိတ်ပေးပါ 
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရအောင်တည်ပေးပြီးတာနဲ့ စပ်ပြီးမွှေးနေသော ခရမ်းသီးနှပ် စပ်စပ်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment