Wednesday 21 February 2018

ငါးဆာနယ်ကြော် စပ်စပ်လေး











အခုရက်ထဲ မာမာခရီးသွားနေတာနဲ့ အိမ်ချက်ဟင်းလေးတွေ မတင်ဖြစ်တာ ကြာသွားခဲ့ပါတယ် ဒီနေ့တော့ ခရီးကလဲပန်းလာ ဘိုစာတွေနဲ့ နပန်းလုံးရတာ မနှစ်သက်ဘဲ မြိုမြိုချနေရတာ ရက်ကကြာလာတော့ ထမင်းကိုဘဲ အားရပါးရပါးရ စားချင်လာတာနဲ့ ခရီးမသွားခင် ထည့်ထားခဲ့တဲ့ ငါးဆာနယ်ကို ခပ်စပ်စပ်လေး ကြော်ကာ ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဘာဆာငါး - 1000 g
  2. ဆီ - စားပွဲတင်ဇွန်း ၂ဇွန်း
  3. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  6. ဆား - လက်ဖက်ရည်ဇွန်း (ငရုတ်သီးကြော်ထဲ ထည့်ရန်)
  7. ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ဆားကြမ်း - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း (ငါးနယ်ရန်)

ငါးဆားနယ်လုပ်ရန်
  1. နှစ်သက်ရာငါး တကီလိုကို အကောင်လိုက်သို့မဟုတ် အနေတော်ပိုင်းပေးပါ။
  2. မာမာကတော့ ဘာဆာငါးကိုဘဲ သုံးထားပါတယ်။
  3. ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
  4. သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတခု ခံပေးထားပါ။
  7. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. ၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။

ကြော်ရန်အတွက်
  • ငါးကိုဆားအငံ ပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
  • အငံတော်တော်လေး အငံပေါ့စေချင်ရင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှဆေးပေးပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းပေးပါ။
  • ငရုတ်သီးမှုန့်ကို ပြင်ထားပါ။
  • ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအနေတော်လောက်နဲ့အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ။
  • ငါးဆားနယ်ကို အိုးဆန့်သလောက် ထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
  • ကြော်ပြီးလို့ပိုသော ဆီထဲသို့ ငရုတ်သီးတောင့်ကို ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။
  • ဆီများနေရင် နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးလျှော့ပေးကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ။
  • ကြက်သွန်ဖြူကြော် နဲနဲလေး ဝါလာတာနဲ့ မီးပိတ်လိုက်ပါ။
  • လက်ကျန်အပူရှိန်နဲ့ဘဲ ငရူတ်သီး လုံးခြမ်းကွဲကို ထဲ့မွှေပါ။
  • ပြီးတာနဲ့ ငရုတ်သီးကြော်ထဲကို ဆားနှင့်ဟင်းချိုမှုန့်ကို ထဲ့ပြီးကြော်ပေးပါ။
  • ကြော်ချိန်ခနအတွင်း ငရုတ်သီး အရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ကြော်ထားတဲ့ ငါးဆားနယ်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ။
  • အရသာ သမအောင် မွှေပြီးတာနဲ့ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ။
  • ထမင်းမိန်စေတဲ့ ငါးဆားနယ်ကြော် ရပြီဆိုတာနဲ့ ထမင်းမိန်မိန်လေး သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment