Saturday 10 February 2018

သရက်သီးစိမ်း ငါးငပိချက်













ဒီနေ့တော့ အးရှန်းဆိုင်က သရက်သီးစိမ်းနဲ့ ငါးကြင်းတစ်ပိုင်းကို ဝယ်လာပြီး သုပ်စားရင် ကောင်းမလား ငါးနဲ့ရောပြီးချက်ရင် ကောင်းမလားနဲ့ စဉ်းစားနေရင်းက နောက်ဆုံးတော့ ငါးကြင်းကို စင်းကောလေးလုပ်ကာ ငါးငပိချက် ချက်ဖြစ်တာနဲ့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ငါးကြင်း - 250 g
  2. သရက်သီးစိမ်း - အလုံးကြီးကြီး ၂လုံး
  3. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  5. ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း ၄ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ဟင်းခတ်ဇွန်းကြီး တစ်ဇွန်း 
  11. နံနံပင် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ငါးကြင်းကို အကြေးခွံနှင့် မလိုတာတွေဖယ်ပြီး အကောင်လိုက် ရေဆေးပေးပါ။
  • ပြီးတာနဲ့ ငါးကိုအရိုးအသား တခြားစီဖြစ်အောင် လွှာပေးထားပါ။
  • ပြီးတာနဲ့ အသားလွှာထားသောငါးကို ခပ်နုတ်နုတ် စင်းပေးထားပါ။
  • သရက်သီးစိမ်းကို အခွံခွာကာ ရေဆေးပြီး ခပ်သေးသေး မျှင်မျှင်လေးတွေရအောင် လှီးပေးထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာကို ခပ်သေးသေး လှီးပေးထားပါ။
  • ငရုတ်သီးမှုန့် ဆီ ငံပြာရည် အချိုမှုန့်တို့ကို ပြင်ထားပါ။
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ။
ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းအောင်ထည့်ကြော်ပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပါ။
  • ငရုတ်သီးနံ့သင်းလာတာနဲ့ စင်းထားသောငါးကို ထည့်မွှေပါ။
  • ငါးအသားများ ထည့်ပြီးတာနဲ့ ငါးများကို ဖိချေပြီး ကျေအောင်မွှေပေးပါ။
  • ငါးအသားများ ကျေလာပြီး မာလာတာနဲ့ဆား ငံပြာရည်နှင့် အချိုမှုန့်ကိုထည့်မွှေပါ။
  • ပြီးတာနဲ့ လှီးထားသော သရက်သီးခြစ်ကို ထည့်မွှေပေးပြီး ၅မိနစ်လောက်ကြော်ပေးပြီး အရသာ မြည်းပေးပါ။
  • အရသာမြည်းပြီးတာနဲ့ မီးပိတ်ကာ နံနံပင် ထည့်မွှေပေးပြီး ချဉ်ငံစပ်မွှေး သရက်သီးစိမ်း ငါးပိချက်လေးကို စားရန်ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment