ဒီနေ့တော့ ဗီယက်နမ်ဈေးက ဝယ်လာတဲ့ သျှားဖြူသီးတွေကို ဝါတွင်းအချိန် ကာလလေးမှာ သတ်သတ်လွတ် စားဖွယ်ရာ တစ်မျိုးအတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ဒီအသီးလေးတွေရဲ့  နံမည်ကို မာမာသိထားတာကတော့ သျှားဖြူသီးလို့ဘဲ သိထားပါတယ် တစ်ချို့ကတော့ တရုတ်ဇီးဖြူသီး တောင်ဇီးဖြူသီး တောဇီးဖြူသီး သင်္ဘောဇီးဖြူသီးဆိုပြီး တနေရာနဲ့တနေရာ အခေါ်အဝေါ်တွေ မတူကြတဲ့အတွက် မိမိသိထားသော နံမည်များ အစားထိုးပြီး ဖတ်ပေးကြစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- သျှားဖြူသီး - 600 g
- မုန့်ညှင်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နံနံစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
- ဇီယာစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခပ်မောက်မောက်
- လေးညှင်း - ငါးပွင့်
- သစ်ဂျပိုးခေါက် - တလက်မခန့်
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း (လှော်ရန်အတတွ်)
- ကြက်သွန်ဖြု - အမွှာကြီးကြီး ၇မွှာ (သို့) မိမိနှစ်သက်သလောက်
- ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ် ဇွန်း
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ဇီယာစေ့ နံနံစေ့ လေးညှင်းပွင့်နှင့် သစ်ဂျပိုးခေါက်တို့ အလွယ်တကူ မရှိပါက ရိုးရိုးမဆလာကို သုံးနိုင်ပါတယ်။
သျှားဖြူသီး သနပ်လုပ်ရန် မဆလာအတွက် ပြင်ဆင်ပုံ
- ဇီယာစေ့ နံနံစေ့ သစ်ဂျပိုးခေါက် လေးညှင့်ပွင့်တို့ကို ဒယ်အိုးထဲမှာ ထည့်ပေးပြီး အစေ့လေးတွေ တဖျောက်ဖျောက်မြည်လာတဲ့အထိ လှော်ပေးပါ
- ပြီးတာနဲ့ ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
- ကြိတ်စက်မရှိပါက ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင်ထောင်းကာ မဆလာ လုပ်ထားပါ
သျှားဖြူသီး သနပ်လုပ်ရန် ပြင်ဆင်ပုံ
- သျှားဖြူသီးကို ရေစင်အောင်ဆေးပြီး ရေများကုန်သွားအောင် ဇကာထဲထည့်ကာ စစ်ထားပေးပါ
- ရေစစ်သွားတာနဲ့ ရေခြောက်အောင် paper towelနှင့် သုတ်ပေးကာ ဇလုံထဲ ထည့်ပေးထားပါ
- အဆင်သင့် ဖြစ်တာနဲ့ သျှားဖြူသီး သနပ်လုပ်ရန် စပ်ထားသော မဆလာကို ပြင်ထားပါ
- မုန့်ညှင်းစေ့ကို ဒယ်အိုးထဲထည့်ပြီး တဖျောက်ဖျောက် မြည်လာအောင် လှော်ထားပါ
- လှော်ရတာ အချိန်မရပါက မုန့်ညှင်းစေ့ကို ပန်းကန်လုံးထဲထည့်ကာ အဖုံးအုပ်ပေးပြီး တမိနစ်ခန့် အပူပေးပါ
- ဆားကို ဒယ်အိုးထဲထည့်ပြီး အနည်းငယ် ညိုသွားအောင် လှော်ပြီး အအေးခံထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ စိတ်ထားပါ
- ဆီကို ဒယ်အိုးထဲ ထည့်ပြီး ပူလာအောင် အပူပေးပြီး အအေးခံထားပါ
- ဆီပူလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ကာ ဇလုံတလုံးထဲမှာ သျှားဖြူသီး ငရုတ်သီး အရောင်တင်မှုန့် မုန့်ညှင်းစေ့ အပူပေးထားသေဆီ ထမင်းစားဇွန်း ၅ဇွန်းခန့် ဆားနှင့် ကြိတ်ထားသော မဆလာတို့ကို သမသွားအောင် ရောမွှေထားပါ
- အရသာ သမသွားတာနဲ့ ပိုနေသောဆီကို အရသာ စပ်ထားသာ သရက်သီး ဇလုံထဲ လောင်းထည့်ပြီး မွှေပေးပါ
- အားလုံး အရသာ သမသွားတာနဲ့ ပုလင်းသန့်သန့်ထဲမှာ သျှားဖြူသီးများကို ထည့်ပေးပြီး ဆီမြုပ်အောင် ထည့်ပေးပါ
- ပြီးတာနဲ့ အဖုံးလုံအောင် ပိတ်ပေးပြီး နေငါးရက်လောက် လှန်းပေးထားပါ
- ပြီးတာနဲ့ သျှားဖြူသီးသနပ်ပုလင်းကို အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပေးကာ စားခါနီးတိုင်း ဇွန်းသန့်သန့်လေးနဲ့ ခပ်ပေးပြီးမှ စားသုံးဖို့ ခပ်ယူပေးပါ
- ခပ်သည့်ဇွန်း မသန့်ရှင်းပါက သျှားဖြူသီး သနပ်ထဲမှာ မှိုများအလွယ်တကူ တက်သွားနိုင်တဲ့အတွက် ဇွန်းသန့်သန့်နှင့် ခပ်ဖို့ သတိထားစေချင်ပါတယ်ရှင်။
No comments:
Post a Comment