ဒီနေ့တော့ တစ်ခါတစ်လေမှ ရတတ်တဲ့ ဆိတ်အူကို ဘာလုပ်စားရင် ကောင်းမလဲ တွေးနေရင်းက ရာသီဥတု အေးနေချိန်လေးမှာ ပူပူစပ်စပ်လေး ပြုပ်ပြီးသောက်ချင်စိတ်လေး ပေါ်လာခဲ့ပါတယ်။
ဒါကြောင့်မို့လို့ စားလို့ကောင်းပြီး အရမ်းလဲကြိုက်တဲ့ ဆိတ်အူကို ခပ်စပ်စပ်လေးပြုပ်ကာ နံနံပင်လေးအုပ်ပြီး ထမင်းလွတ်စားဖို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်အူ - 300 g
- ချင်း - တစ်လက်မခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာခန့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
- စပါးလင်အရွက် - ဆယ်ရွက်ခန့်
- ကရဝေးရွက် - နှစ် ရွက်ခန့်
- သစ်ဂျပိုးခေါက် - နှစ်လက်မခန့်
- နံနံပင် - စားနိုင်သလောက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
- ဆိတ်အူကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
- စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
- စပါးလင်အရွက်များကို ရေဆေးပြီး အထုံးလေး ထုံးပေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
- ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ညက်နေအောင် ထောင်းပေးပါ
- သစ်ဂျပိုးခေါက်နှင့် ကရဝေးရွက်ကို ရေဆေးထားပါ
- ဇောက်နက်သော အိုးထဲမှာ ဆိတ်အူများကို ထည့်ပေးပြီ သစ်ဂျပိုးခေါက် ဆီ စပါးလင်ရွက်အထုံး ကရဝေးရွက် ငရုတ်ကောင်းမှုန့် ငရုတ်သီးထောင်း ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ ဝင်သွားအောင် နယ်ပေးပါ
- အရသာ ဝင်သွားလောက်တာနဲ့ ရေအနည်းငယ်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူလာပြီးပါက အကျက်ညီစေရန် မွှေပေးပါ
- ဆိတ်အူများ ခပ်တင်းတင်းလေးဖြစ်ပြီး မာလာတာနဲ့ ရေကိုမိမိ လိုသလောက်ထည့်ပေးပြီး ဟင်းအိုးကို ဆက်တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အရသာကို မြည်းပြီးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- အရသာ အနေတော် ရပြီဆိုတာနဲ့ မိမိစားနိုင်သလောက် ပန်းကန်ထဲ ထည့်ပေးပြီး နံနံပင် ထည့်ပေးကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment