Wednesday 28 August 2019

အရိုးနူး ငါးပေါင်း









ဗီယက်နမ်ဈေးကနေ ငါးလေးတွေ လတ်လတ်ဆတ်ဆတ် ရလာတော့ ဝယ်လာခဲ့ပြီး ကြော်စားရရင် ကောင်းမလား ဆီပြန်လေး ချက်စားရင် ကောင်းမလားလို့ စဉ်းစားမိပေမဲ့ ငါးအရိုးလေးတွေက အရမ်းကို မာလွန်းပြီး ချွန်ထက်ကာ မြိနေတဲ့အတွက် ချက်စားရင်လဲ သိပ်အဆင်မပြေ နိုင်သလို ကြော်စားရင်လဲ အရိုးက မာလွန်းတဲ့အတွက် အဆင်မပြေနိုင်ပါဘူး။

ဒါကြောင့်မို့လို့ ငါးကလေးတွေကို pressure cooker နဲ့ အရိုးနူးပေါင်းပြီး ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါး - 400 g 
  2. သံမရာသီး - အလုံးကြီးကြီး တစ်လုံးခွဲ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  8. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (ငါးအိုးထဲထည့်ရန်)
  9. ကြက်သွန်နီ - အနေတော် တစ်လုံး (ဆီသတ်ရန်)
  10. ငရုတ်သီး အရောင်တင်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ချင်း - လက်တဆစ်ခန့်
  12. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  13. စပါးလင်အရွက် - လက်တဆုတ်စာသာသာ

ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံခွာပြီး အူကလီစာများထုတ်ပြီး မလိုအပ်တဲ့ ဆူးတောင်များ ရေယက်များကို ခုတ်ပေးကာ ရေစင်အောင်ဆေးပါ
  • ရေဆေးထားတဲ့ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာရည်တို့ညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ်နယ်ပေးပါ
  • ငါးပေါင်းမည့် အိုးရဲ့ အတွင်းအောက်ခြေမှာ စပါးလင်ကိုခင်းပြီး စပါးလင်အပေါ်မှာ ငါးများစီပြီး တင်ပေးပါ
  • ရေကို ငါးအပေါ်မြုပ်အောင်ထည့်ပြီး pressure cooker ကို အဖုံးအုပ်ကာ အရင်ဆုံး မိနစ်၂၀လောက် ပေါင်းပေးပါ
  • ငါးပေါင်းချိန် မိနစ်၂၀ပြည့်တာနဲ့ အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • အိုးထဲမှာ ငါးပြုပ်ရည် ခမ်းပါက  ရေထပ်ထပ်ထည့်ပြီး မိနစ်၂၀ ထပ်တည်ပေးပါ 
  • မိနစ်၂၀ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင်ထုတ်ပြီး အိုးအဖုံးကိုဖွင့်ကာ နောက်တခါ  ရေမြုပ်အောင် ထပ်ထည့်ပေးပါ
  • အထက်ပါ နည်းအတိုင်း ငါးအရိုးနူးအောင် ဆက်ပြီးပေါင်းပေးပါ
  • အထက်ပါ နည်းအတိုင်း ငါးအရိုးများ နူးတဲ့အထိ ပေါင်းပေးပါ
  • ငါးအရိုးများ နူးမနူးကို အိုးအဖုံးဖွင့်ပြီးတာနဲ့ ဇွန်းနဲ့ခပ်ပြီး စမ်းကြည့်ပေးပါ
  • ငါးအရိုး နူးလာတာနဲ့ စပါးလင်ဖတ်များ ဖယ်ပေးထားပါ
ငရုတ်သီးဆီသတ်ရန်
  • ကြက်သွန်နီတလုံကိုး ချင်း ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့်တို့ကို ညက်အောင်ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးကာ ဆီပူလာပါက ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သွန်များ နွမ်းလာပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ငါးပေါင်းထားတဲ့ အိုးထဲကို  လောင်းထည့်ပေးပါ
  • ကြက်သွန်နီ အလုံးကြီးကြီး တစ်လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငရုတ်သီးဆီသတ်နှင့် ကြက်သွန်နီတို့ကို ငါးပေါင်းအိုးထဲ ထည့်ပေးကာ simmer နှင့် အိုးအဖုံးအုပ်ကာ ၅မိနစ်လောက် ချက်ပေးပါ
  • ရေအနေတော်လောက် ရပြီဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာက ငါးပေါင်း မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
  • မှတ်ချက် pressure cooker နှင့် ဟင်းချက်တိုင်း အိုးထဲမှ  လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ။
  • လေမကုန်ဘဲ အိုးကို ဖွင့်ပါက လေဖိအားကြောင့် အိုးအဖုံးဖွင့်စဉ် ပေါက်ကွဲတတ်ပါသည်။

No comments:

Post a Comment