Tuesday 20 August 2019

ငရုတ်သီး နှမ်းကပ်ကြော်















ဒီတခါတော့ နှမ်းကြော်နံ့ မွှေးမွှေးလေးနဲ့ စားလို့အရမ်း ကောင်းလွန်းတဲ့ ငရုတ်သီးစိမ်း ကြော်နည်းကို လာလာမေးကြလွန်းလို့ ကြော်ဖြစ်သွားပါတယ်။

နှမ်းဖြူနဲ့ မွှေးနေအောင် အကြွတ်ကြော်တဲ့ နည်းလေးက စိတ်ရှည်ဖို့ လိုသလို ငရုတ်သီးစိမ်း အစပ်တောင့်တွေကို ကြော်ရတာ ဖြစ်တဲ့အတွက် လက်အိတ်ကောင်းကောင်းလေး သုံးဖို့တော့  လိုပါတယ်။

လက်အိတ်မသုံးဘဲ ကိုင်မိရင်တော့ ငရုတ်သီးက ပူလွန်းတဲ့အတွက် လက်မှာအပူတွေစွဲကာ တနေကုန် လက်ကိုရေစိမ်ထားရမှာ ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ငရုတ်သီးတောင့်ကိုတော့ မိမိစားနိုင်သလောက် ပြင်ဆင်ပြီး လိုအပ်တဲ့ အရသာတွေကို ချင့်ချိန်ပြီး ထည့်ပေးစေပါတယ်။

ပါဝင်ပစ္စည်းများ

  1. အနီရောင် ငရုတ်သီးစိမ်း - မိမိစားနိုင်သလောက်
  2. နှမ်းဖြူ - မိမိနှစ်သက်သလောက်
  3. ဆား - ချင့်ချိန်ပြီး ထည့်ပါ (ငရုတ်သီး အရသာနယ်ရန်)
  4. ဆား - အနေတော် (ငရုတ်သီး ပြုပ်ရန်)
  5. ကြက်သားမှုန့် - မိမိအသုံးပြုသော ငရုတ်သီးအပေါ်မူတည်ပြီး ချင့်ချိန်ပြီးထည့်ပါ (သို့)
  6. အချိုမှုန့် - မိမိအသုံးပြုသော ငရုတ်သီးအပေါ်မူတည်ပြီး ချင့်ချိန်ပြီးထည့်ပါ
  7. ဆီ - မိမိအသုံးပြုသော ငရုတ်သီးအပေါ်မူတည်ပြီး ခပ်များများထည့်ပါ
  8. လက်အိတ် - တစ်စုံ
ပြင်ဆင်ပုံ
  1. အရင်ဦးဆုံး ငရုတ်သီးစိမ်းများကို အညှာမခြွေခင် ရေစင်အောင် ဆေးပေးပြီး ရေစစ်ပေးပါ
  2. ရေများ ခြောက်သွားတာနဲ့ လက်ကိုလက်အိတ် ဝတ်ပေးပါ
  3. လက်အိတ်ဝတ်ပြီးတာနဲ့ ငရုတ်သီးတောင့်များကို တတောင့်ချင်းယူပြီး လက်ဝါးနှစ်ဖက်ကြားမှာ ထည့်ပြီး ပွတ်ပေးပါ
  4. ထိုသို့ လက်ဝါးနှစ်ဖက်ကြားမှာထည့်ပြီး ပွတ်ပေးခြင်းကြောင့် ငရုတ်သီးထဲမှ အစေ့များ ထုတ်ရလွယ်ကူစေပါတယ်
  5. ငရုတ်သီးတောင့် အားလုံးကို အထက်ပါနည်းအတိုင်း ပြုလုပ်ပေးပြီးတာနဲ့ ငရုတ်သီး အညှာများကို ခြွေပေးပါ
  6. ပြီးတာနဲ့ ငရုတ်သီးတောင့် အားလုံးကို တတောင့်ချင်းဆီ ထက်ခြမ်းခွဲပေးပါ
  7. ငရုတ်သီးတောင့် အားလုံးခွဲပေးပြီးတာနဲ့ အလယ်မှ အစေ့များကို ထုတ်ပေးပြီး အစေ့များကို ဖယ်ပေးပါ
  8. အားလုံး အဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတလုံးထဲမှာ ရေနှင့် ဆားကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  9. ရေပွက်ပွက် ဆူလာတာနဲ့ ရေနွေးအိုးထဲကို ငရုတ်သီးတောင့်များကိုထည့်ပြီး သုံးမိနစ်ခန့် ပြုပ်ပေးပါ
  10. ငရုတ်သီးများ ပြုပ်နေစဉ် အထဲမှာ ကပ်နေသော ငရုတ်စေ့များ ထပ်ထွက်လာပါက ရေသွန်ချိန်မှာ ထပ်ဖယ်ပေးပါ
  11. ငရုတ်သီးတောင့်များကို ဇကာထဲသွန်ချပြီး ရေစစ်ပေးပါ
  12. ရေစစ်သွားတာနဲ့ ဇလုံတခုထဲ ပြောင်းထည့်ပေးပြီး နှမ်း ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  13. ဇောက်နက်သော အိုးထဲမှာ ဆီနှင့် နနွင်မှုန့်ကိုထည့်ပြီး အပူပေးပါ
  14. ဆီပူလာတာနဲ့ မီးကိုအနေတော်လောက်ထိ လျှော့ပေးပါ
  15. မီးအရမ်းများပါက ငရုတ်သီးတောင့်များ မကျက်ခင် နှမ်းများအရင်ကျက်ပြီး ကျွမ်းကုန်တတ်ပါတယ်
  16. မီးအနေတော် လျှော့ပြီးတာနဲ့ ငရုတ်သီးတောင့်များကို အိုးဆန့်သလောက် ထည့်ပေးပြီး ကြော်ပေးပါ
  17. ငရုတ်သီးတောင့်များ ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  18. ငရုတ်သီးတောင့်များ ညိုရောင်လေး သန်းလာပြီး ကြွတ်လာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  19. အထက်ပါ နည်းအတိုင်း ငရုတ်သီးတောင့်များ ကုန်တဲ့အထိ ကြော်ပေးပါ
  20. ကြော်ထားတဲ့ ငရုတ်သီးတောင့်များ ဆီစစ်ပြီး အေးသွားတာနဲ့ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ
  21. ကြာရှည်ထားပြီး စားသုံးမည် ဆိုပါက ဖန်ပုလင်း သန့်သန့်ထဲ ထည့်ပေးပြီး လေလုံအောင် အဖုံးအုပ်ကာ သိမ်းပေးကာ စားသုံးနိုင်ပါတယ်။

No comments:

Post a Comment