မုံလာဥလေးတွေ ဝယ်လာဖြစ်လို့ ပိုးတီလှီးပြီး သံပုရည်စိမ်ကာ သုပ်စားချင်တာနဲ့ ဒီနေ့ပြင်ဆင်ဖြစ်ပြန်ပါတယ် ကြွတ်ကြွတ်လေးနဲ့ စားလို့အရမ်းကောင်းတဲ့အတွက် သံပုရာရည်စိမ်ပြီး သုပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ် မုံလာဥ ပိုးတီပုံစံ မလှီးတတ်ရင်လဲ ပြသနာ မရှိပါဘူး ခပ်ပါးပါးလေးတွေလှီးပြီး သံပုရာရည်စိမ်ကာ သုပ်စားနိုင်ပါတယ် ။
ပါဝင်ပစ္စည်း
- မုံလာဥ - ဥကြီးကြီး တစ်ဥ
- သံပုရာသီး - နှစိလုံး
- နံနံပင် - အနေတော် လေးပင်ခန့်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
- ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
- သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်သာသာ
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- မုံလာဥကို အခွံခွာပြီး ပိုးတီပုံစံ ရအောင် လှီးပေးပါ
- ဇလုံတစ်လုံးထဲမှာ ဆားကိုထည့်ပြီး သံပုသီးကို အရည်ညှစ်ပေးပါ
- ထိုသံပုရာရည် အထဲမှာ ပိုးတီပုံစံ လှီးထားသော မုံလာဥကိုထည့်ပြီး စိမ်ပေးပါ
- မုံလာဥ မြုပ်တဲ့အထိ ရေထပ်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပေးပါ
- သုပ်စားတော့မည် ဆိုပါက သံပုရာရည် စိမ်ထားသော မုံလာဥ ပိုးတီများကို စိမ်ထားသော သံပုရာရည်များ ညှစ်ပေးကာ ပန်းကန်တစ်ခုထဲ ထည့်ပေးပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
- ပါဝင်ပစ္စည်း အားလုံးပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုအပ်သလို ပြင်ပေးပါ
- ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိုးလာဥ ပိုးတီသုပ်လေးကို စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် မုံလာဥ ပိုးတီသုပ် ကြွတ်ကြွတ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment