အခုရက်ထဲ မာမာခရီးသွားနေတာနဲ့ အိမ်ချက်ဟင်းလေးတွေ မတင်ဖြစ်တာ ကြာသွားခဲ့ပါတယ် ဒီနေ့တော့ ခရီးကလဲပန်းလာ ဘိုစာတွေနဲ့ နပန်းလုံးရတာ မနှစ်သက်ဘဲ မြိုမြိုချနေရတာ ရက်ကကြာလာတော့ ထမင်းကိုဘဲ အားရပါးရပါးရ စားချင်လာတာနဲ့ ခရီးမသွားခင် ထည့်ထားခဲ့တဲ့ ငါးဆာနယ်ကို ခပ်စပ်စပ်လေး ကြော်ကာ ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ဘာဆာငါး - 1000 g
- ဆီ - စားပွဲတင်ဇွန်း ၂ဇွန်း
- ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ဆား - လက်ဖက်ရည်ဇွန်း (ငရုတ်သီးကြော်ထဲ ထည့်ရန်)
- ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်၀က်
- ဆားကြမ်း - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း (ငါးနယ်ရန်)
ငါးဆားနယ်လုပ်ရန်
- နှစ်သက်ရာငါး တကီလိုကို အကောင်လိုက်သို့မဟုတ် အနေတော်ပိုင်းပေးပါ။
- မာမာကတော့ ဘာဆာငါးကိုဘဲ သုံးထားပါတယ်။
- ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးပါ။
- သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
- ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
- ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတခု ခံပေးထားပါ။
- အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
- ၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
ကြော်ရန်အတွက်
- ငါးကိုဆားအငံ ပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ။
- အငံတော်တော်လေး အငံပေါ့စေချင်ရင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှဆေးပေးပါ။
- ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းပေးပါ။
- ငရုတ်သီးမှုန့်ကို ပြင်ထားပါ။
- ဒယ်အိုးထဲ ဆီထည့်ပြီး ဆီကိုမီးအနေတော်လောက်နဲ့အပူပေးပါ။
- ဆီပူလာပါက နနွင်းမှုန့်အနည်းငယ် ထဲ့ပေးပါ။
- ငါးဆားနယ်ကို အိုးဆန့်သလောက် ထဲ့ကြော်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
- ကြော်ပြီးလို့ပိုသော ဆီထဲသို့ ငရုတ်သီးတောင့်ကို ညိုရောင်သန်းလာတဲ့ထိ ကြော်ပြီး ဆယ်ထားပါ။
- ဆီများနေရင် နည်းနည်းဖယ်ပြီး မီးကိုထပ်ပြီးလျှော့ပေးကာ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ။
- ကြက်သွန်ဖြူကြော် နဲနဲလေး ဝါလာတာနဲ့ မီးပိတ်လိုက်ပါ။
- လက်ကျန်အပူရှိန်နဲ့ဘဲ ငရူတ်သီး လုံးခြမ်းကွဲကို ထဲ့မွှေပါ။
- ပြီးတာနဲ့ ငရုတ်သီးကြော်ထဲကို ဆားနှင့်ဟင်းချိုမှုန့်ကို ထဲ့ပြီးကြော်ပေးပါ။
- ကြော်ချိန်ခနအတွင်း ငရုတ်သီး အရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ကြော်ထားတဲ့ ငါးဆားနယ်ကြော်ကို အိုးထဲမှာဘဲ ထဲ့မွှေပေးပါ။
- အရသာ သမအောင် မွှေပြီးတာနဲ့ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ။
- ထမင်းမိန်စေတဲ့ ငါးဆားနယ်ကြော် ရပြီဆိုတာနဲ့ ထမင်းမိန်မိန်လေး သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment