Saturday, 13 August 2016

ဆယ်လမွန်​ငါးဟင်း အနှစ်​ဆမ်း PASTA




ဆယ်လမွန်ငါးတွေ ၀ယ်ထားပြီး ဘယ်လိုချက်စားရင် ကောင်းမလဲ စဉ်းစားနေရင်က ဆီပြန်ချက်တာလဲ မစားချင် ကင်ထားတာလဲ မစားချင်နဲ့ နောက်ဆုံးတော့ ခရမ်းချဉ်သီးနဲ့ အနှစ်ချက်ပြီး Pasta လုပ်ဖြစ်သွားပါတယ် တကယ်တမ်း ဟင်းအနှစ်ချက်ရင်တော့ အမွှေးနံ့သာတွေ အဆီအစိမ့်တွေ အများကြီးထည့်ရပါတယ်။

မွေးလာတဲ့ ဆီဦးထောပတ် စားလာတာ မဟုတ်လေတော့ သူတို့ချက်နည်းအတိုင်း ချင်ရင် လျှာမှာ အရသာ မတွေ့တဲ့အတွက် အရသာကို လိုသလိုပြင်ကာ  ချက်နည်းလေးကတော့ မာမာအရင်တုန်းကချက်တဲ့ ချက်နည်းတွေ အတိုင်းပါဘဲ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ဆယ်လမွန်ငါး - 400g
  • ကြက်သွန်ဖြူ - ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ကြက်သွန်မိတ် - အပင်ကြီး ၂ပင်ခန့်
  • သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း ( ရိုးရိုးဆီသုံးလဲရ)
  • ခရမ်းချဉ်သီးအနှစ် - 400g
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ဆယ်လမွန်ငါးကို အနေတော်တုံးပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
  4. ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ခပ်နုတ်နုတ်လှီးပေးထားပါ
  6. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အရင်ဆီသတ်ပေးပါ
  7. နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး တမိနစ်လောက် မွှေပေးပါ 
  8. ပြီးတာနဲ့ အရသာနယ်ထားသောငါးကိုထည့်ပြီး မွှေပါ
  9. ရေခမ်းအောင်မတည်ဘဲ ရေအနေတော်လောက်ရတာနဲ့ ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းမှုန့်ဖြူးပြီး မီးပိတ်ပေးပါ
  10. ပြုပ်ထားသောပါစတာကို ပန်းကန်ပြားထဲမှာ တပွဲစာထည့်ပြီး ငါးဟင်းအနှစ်ဆမ်းပြီး စားပွဲပြင်နိုင်ပါပြီ။

Friday, 12 August 2016

မျှစ်ပုဇွန် ဖက်ထုတ်ပေါင်း








အေးရှန်းကုန်စုံဆိုင်ကိုသွားတာ မျှစ်နုနုလေးတွေရယ် ပုဇွန်ဆတ်ထုတ်လေးတွေ ရလာတော့  ပုဇွန်မျှစ်ကင်လေး လုပ်စားဖြစ်ပြန်ပါတယ်။

အေးလွန်းတဲ့ ရာသီဥတုကြောင့် ပူပူစပ်စပ်လေးတွေဘဲ စားချင်နေမိသလို ၀ါးတွေပေါလွန်းတဲ့ ကော့ကရိတ်မြို့ကိုလဲ လွမ်းမိစေပါတယ်။

 ဆေးရုံကုန်းပေါ်က ၀န်ထမ်းအိမ်တွေရဲ့ အနောက်ဖက်မှာ အလေ့ကျ ပေါက်နေတဲ့ ၀ါးပင်တွေဆီက ၀ါးရွက်တွေ ရသလို  မျှစ်နုတွေလဲ ရတတ်ပြီး ဂျိုင်းမြစ်ထဲကလာတဲ့ ပုဇွန် အရွယ်စုံ ဆိုဒ်အစုံကိုလဲ တမ်းတမိပြန်ပါတယ်။

တနေ့တမျိုး မရိုးရလေအောင် အဆင်ပြေသလိုလေး လုပ်စားဖြစ်တဲ့ ပုဇွန်မျှစ်နုကင်လေး ပြင်ဆင်ပုံကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်အကောင်သေး - 250 g
  2. မျှစ်ဝါ - 150 g
  3. ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၂တောင့်
  4. ခရမ်းချဉ်သီး - အလုံးကြီးကြီး တစ်လုံး
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆန်အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ပင်စိမ်းရွက် သို့ ပူစီနမ် သို့ ကြက်သွန်မိတ် - 100 ml
  10. ၀ါးရွက်အခြောက် (သို့) ၀ါးရွက်အစို (သို့) ငှက်ပျောရွက် - လိုသလောက်

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းဖြုတ်၍ ရေစစ်ထားပါ
  • ၀ါးရွက်အခြောက်ကို ရေနွေးနှင့် လေးနာရီလောက် စိမ်ထားပေးပါ
  • ၀ါးရွက်အစို ငှက်ပျောရွက်အစိုတို့ကို သုံးပါက ဖုံများအမှိုက်များ စင်အောင် အ၀တ်စသန့်သန့်နှင့် သုတ်ပေးထားပါ
  • ပြုပ်ပြီးသား မျှစ်နုများကို ၁၀မိနစ်လောက် ထပ်ပြုပ်ပြီး ရေသွန်၍ နှစ်သက်သလို လှီးထားပါ
  • ပုဇွန်ငါးပိနှင့် ဆန်အစိမ်းမှုန့်ကို ပြင်ထားပါ
  • ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း လှီးထားပါ
  • ကြက်သွန်မိတ်ကို ခပ်ကြမ်းကြမ်း လှီးထားပါ
  • ခရမ်းချဉ်သီးကို ခပ်ထူထူ လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ပါဝင်သော အစာများအားလုံး သမအောင် နယ်ထားပေးထားပါ
  • ပြီးတာနဲ့ ၀ါးရွက်၅ရွက်ကို ထုတ်လို့အဆင်ပြေစေရန်နှင့် ကင်လို့ကောင်းရန် တရွက်နှင့်တရွက်ထပ်ကာ ခပ်ထူထူ ခင်းပေးပြီး ၀ါးရွက်ပေါ်မှာ  ၃ ပုံ ၁ ပုံခွဲထည့်ကာ ကျစ်နေအောင် ထုတ်ပေးပါ
  • ထုတ်နေစဉ် သပ်သပ်ရပ်ရပ် ဖြစ်စေရန် ၀ါးရွက်ရဲ့ ထိပ်နှစ်ဖက်ကို အနည်းငယ်စီ ကပ်ကျေးဖြင့် ညှပ်ပေးပါ
  • ကင်နေစဉ် အစာများ ပေါက်ထွက်မသွားစေရန် အရွက်၃ရွက်ကို တခုနှင့်တခု လက်၂လုံးလောက်စီ ထပ်ပေးပြီး နောက်ထပ်၂ရွက်လောက်ကို မစာပုံထည့်မည့် အောက်ဖက်မှာ ထပ်ပေးပါတယ်
  • ထုတ်ထားသော အထုတ် ပြေမသွားအောင် ကြိုးဖြင့် ချည်ပေးထားပါ
  • အားလုံးထုတ်ပြီးတာနဲ့  grill pan ထဲထည့်ကာ မီးအားပြင်းပြင်းနဲ့ တဖက်ကို ၁၅မိနစ်စီ ကင်ပေးပါ
  • grill pan မရှိပါက အသားထူသော ဒယ်အိုးကို အသုံးပြုပြီး ကင်ပေးပါ
  • မီးသွေးမီးဖို သုံးပါက မီးသွေးမီးဖိုပေါ်မှာ သံဇကာတင်ပြီး ကင်ပေးပါ
  • တဖက်ကျက်လျှင် နောက်တဖက်ကိုလှည့်ပြီး ကင်ပေးပါ
  • နှစ်ဖက်လုံး ကင်ပြီးတာနဲ့ ပုဇွန်မျှစ်နုကင် စပ်စပ်မွှေးမွှေးလေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ
  • စားမည့်သူ များပါက ထိုနည်းအတိုင်း အစာများကို ဆတိုးထည့်ပြီး အစာစပ်ကာ ကင်ပေးနိုင်ပါတယ်။

Thursday, 11 August 2016

ငါး မျှစ်ချဉ်ဟင်း



မာမာ့ရဲ့တပင်တိုင်မင်းသမီး ဘာဆာငါးနဲ့ မျှစ်ချဉ်ကို ဒီနေ့ချက်ပါမယ် မျှစ်ချဉ်နဲ့ အသားရောချက်လေတိုင်း အသားက အရသာနည်းသွားပေမဲ့ မျှစ်ချဉ်က အရသာ အရမ်းရှိတာမို့လို့ မျှစ်ချဉ်ကို ပိုပြီး ထည့်ထားပါတယ် စားမဲ့ လူဦးရေ နည်းရင်တော့ ချင့်ချိန်ပြီး ချက်စေချင်ပါတယ် လွယ်ကူတဲ့ ချက်နည်းလေးပေမဲ့ ထမင်းစားမြိန်တဲ့ ဟင်းတမျိုးဖြစ်လို့ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မျှစ်ချဉ် - 1 kg
  2. ဘာဆားငါး အသားပြား - 500 g 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ချင်း - ခပ်ပါးပါး ၃ပြားလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  11. ဆန်ဆေးရည် - မျှစ်ချဉ်မြုပ်လောက်အောင် ယူထားပါ

ပြင်ဆင်ပုံ
  • ငါးအသားပြားများကို ရေဆေးပြီး ရေစစ်ထားပါ
  • ရေစ်ထားသော ငါးအေသားများကို ခပ်ကြီးကြီးတုံးပေး၍ ဇလုံတစ်လုံးထဲထည့်ပြီး ဆား ငံပြာရည် အချိုမှုန့် နနွင်းမှုန့်တို့ နှင့် အရသာဝင်အောင် နယ်ထားပါ
  • ငါးအသားကို ဟင်းချက်နေစဉ် ကျေမသွားစေရန် ထူထူတုံးပါ 
  • မျှစ်ချဉ်ကို အချဉ်ပေါ့စေရန်နှင့် အဆိပ်အတောက် ပြေစေရန် ဆန်ဆေးရည်နှင့် မြုပ်အောင်ထည့်၍ တနာရီလောက် စိမ်ထားပြီးမှ ရေဆေးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
  • အရည် သောက်ဆမ်းဟင်း ချက်မှာ ဖြစ်တဲ့အတွက် ငါးအသား ပွယောင်းယောင်းကြီး ဖြစ်မနေစေရန် ငါးကို ဆီသတ်ပေးပြီးမှ ချက်ပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး ဆီသတ်ပါ
  • ငါးထည့်ပြီးပြီးခြင်း အထက်အောက် အရသာမျှအောင် သုံးလေးချက်လောက် မွှေပေးပါ
  • ငါးအသားများ လုံးမိစေရန်နှင့် ငါးအသားများ ကျေမသွားစေရန် အိုးကို တချက်တလေ လှုပ်ပေးပါ
  • ငါးအသားများ အရောင်ပြောင်းလာပြီး လုံးမိပြီဆိုတာနဲ့ မျှစ်ချဉ်များထည့်ပြီး ၂ချက်လောက် သမအောင် မွှေလိုက်ပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  • ရေပွက်ပွက်ဆူတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • မျှစ်ချဉ်က အငံများတဲ့အတွက် အငံအရသာကို ချင့်ချိန်ပြီးထည့်ပေးပါ
  • မျှစ်ချဉ်ဟင်းရည် ပထမ တစ်ရည်ခမ်းအောင် တည်လိုက်ပြီး နောက်တစ်ရည် မြုပ်အောင် ထပ်ထည့်ပြီး တည်ပါ
  • ဟင်းရည် ပွက်ပွက်ဆူလာပြီဆိုတာနဲ့မျှစ်ချဉ်နံ့မွှေးနေတဲ့ ငါးဟင်းကို စားသုံးနိုင်သလို မီးကိုလျှော့လိုက်ပြီး မီးမျှင်းမျှင်းနဲ့ တနေကုန် တည်ထားပြီး စားပါက ပိုပြီးစားကောင်းတဲ့ ငါးမျှစ်ချဉ်ဟင်းကို အရသာကောင်းကောင်းနဲ့ စားသုံးနိုင်ပါပြီ။

Wednesday, 10 August 2016

ပလာတာနဲ့ ပဲပြုပ်ဆီဆမ်း


ပလာတာ လုပ်နည်းလေး မေးထားတာ ကြာနေပေမဲ့ တစ်ယောက်ထဲ ဂျုံနယ် ဆီကိုင်နဲု့ ဓါတ်ပုံရိုက်တာ အဆင်မပြေလို့ တင်မပေးဖြစ်ခဲ့ပါဘူး ဟင်းချက် blog လေး စလုပ်ထဲက ဖုန်းက သုံးလုံး ကွန်ပြူတာက နှစ်လုံး ကင်မရာက တစ်လုံး ပျက်ခဲ့ရတယ် အပူငွေ့ဟပ်ပြီး ပျက်သွားတာ ဆီအိုးထဲ ပြုပ်ကျတာ ရေနွေးထဲ ကျတာတွေနဲ့ ကွန်ပြူတာကတော့ ပုံတင် စာရေး အသုံးများလို့ ပျက်ခဲ့တယ်ပေါ့ရှင်။

စာဖတ်ပြီး လုပ်ရင်တော့ လွယ်မယောင်ပါဘဲ တစ်ကယ်လက်တွေ့လုပ်တော့ အလေ့အကျင့်မရှိရင် ခက်ပါတယ် ဆရာမပြ နည်းမကျနိုင်သော မုန့်လုပ်နည်း တစ်မျိုးပါ အိမ်မှာလုပ်စားရန် အဆင်ပြေပေမဲ့ စီးပွားဖြစ် လုပ်မယ်ဆိုရင်တော့ သင်တန်းမှာ လက်အသားကျအောင် သင်ပြီးမှ လုပ်စေချင်ပါတယ်။

ဒီနေ့တော့ ပဲပြုပ်ပြုပ်မိတိုင်း အဆင်ပြေသလို လုပ်စားတဲ့ အထဲက ဒီတစ်ခါတော့ ပလာတာနဲ့ ပဲပြုပ်ဆီဆမ်းကိုတွဲပြီးစားဖို့ ပြင်ထားပါတယ် ပဲပြုပ်နည်းလဲ ဒီblog မှာ တင်ပေးဖူးပြီးသားပါ ပြုပ်ပြီးသား ပဲပြုပ်ကို ဆီဆမ်းပြီး ပလာတာရိုက်ကာ တွဲဖက်စားနိုင်အောင် ပြင်ဆင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 150 g
  2. ရေ - 400 ml
  3. ဆီ - 50 g
  4. ထောပတ် - 30 g
  5. ကြက်ဥ -နှစ်လုံး

ပြုလုပ်ပုံ

  • ဇလုံတစ်လုံးထဲမှာ ထောပတ်နှင့် ဆီမှလွဲပြီး ဂျုံမှုန့် ကြက်ဥနှင့် ရေတို့ကိုထည့်ကာ မုန့်သားညက်တဲ့အထိ သေသေချာ နယ်ပေးပြီး အ၀တ်ရေစို သန့်သန့်နှင့် တနာရီလောက် အုပ်ပေးထားပြီး နှပ်ထားပါ
  • နှပ်ထားပြီးသား ဂျုံသားကို အရွယ်တူ အလုံးလေးများ ၆ လုံးခန့် ရွယ်တူလုံးပြီး စီထားပေးပါ
  • လက်မှာဆီသုတ်ပြီး အလုံးများကို ပြင်၍လုံးကာ အ၀တ်အုပ်၍ ၁၅မိနစ်မိနစ်ခန့် ထပ်ပြီး နှပ်ထားပါ
  • ပလာတာလုပ်မည့် စားပွဲမျက်နှာပြင်သည် ညီညာနေရပါမယ် 
  • ထိုစားပွဲဧ။် မျက်နှာပြင်ကို ဆီနှံ့အောင် သုတ်ထားပြီး ဂျုံလုံးတခုယူကာ လက်ချောင်းလေးများဖြင့် အသာ ဖိပြီးဖြန့်ပေးပါ
  • လက်ချောင်းလေးများဖြင့် ဖြန့်ပြီးတာနဲ့ မုန့်လှိမ့်သော ဒလိမ့်တုံးဖြင့်လှိမ့်ကာ ရသလောက် အပြန့်ကြီးကြီး ရအောင် ဖြန့်ပေးပါ
  • လှိမ့်၍ပြန့်လာသော ဂျုံသားဧ။် ဘေးထောင့်စွန်း နှစ်ဘက်ကို လက်နှင့်ကိုင်ပြီး လေထဲထိ မြောက်အောင်  အပြန်အလှန် ရိုက်ပေးပါ
  • လက်ကျင့်သားမရှိပါက အလွယ်တကူ မလုပ်နိုင်သော ပလာတာလုပ်နည်း ဖြစ်တဲ့အတွက် အ၀တ်စတစ်ခုနှင့် အရင်ဆုံး လေ့ကျင့်ပြီးမှ ပလာတာကို လုပ်သင့်ပါတယ်
  • ဂျုံသားပါးလှပ်လှပ်လေး ရလာတာနဲ့ ဆီကိုလက်နှင့်ဆုတ်ယူကာ ဂျုံပြားပေါ်မှာ လက်နဲ့ လိုက်တောက်ပေးပါ
  • ပြီးတာနဲ့ ထိပ်တစ်ဖက်မှ ယပ်တောင်ခေါင်းပုံစံ စုစည်းလိပ်ယူကာ အလယ်ဗဟိုကို ထိုးထည့်ပြီး အစကို သိမ်းလိုက်ပါ
  • အားလုံးကို အထက်ပါ ပုံစံအတိုင်း လုပ်ပေးပြီးတာနဲ့ မုန့်လုံးများကို ဆီနှင့်လိုက်တောက်ပေးကာ အ၀တ်စနှင့် ၁၅မိနစ်လောက် ထပ်၍အုပ်ပေးပြီး မုန့်သားသေအောင် နှပ်ပေးပါ
  • ပလာတာကြော်ရန် ဒယ်ပြားကို ထောပတ်ထည့်ပြီး အပူပေးထားပြီး ထောပတ်ပူလာတာနဲ့ မီးကိုအလယ်အလတ်လောက်အထိ လျှော့လိုက်ပါ
  • ဆီဝနေသော ဂျုံလုံးကို တစ်လုံးခြင်းယူကာ ဒလိမ့်တုံးနှင့် ဖြန့်ပေးပြီး ဒယ်ပြားထဲ ထည့်ပေးပါ
  • အပြင်သား ကြွတ်လာပြီဆိုရင် နောက်တဖက်ကို လှန်၍ကြော်ပေးပါ 
  • နှစ်ဖက်လုံး ကျက်တာနဲ့ ပလာတာ မွှေးမွှေးလေး ရပါပြီ
  • ပလာတာကို မစားခင် လက်ဝါးနှစ်ဖက်ကြား ဒေါင်လိုက်ထည့်ကာ ခပ်ဖွဖွလေး ရိုက်ပေးပါက အသားလေးများ မွထွက်လာတာနဲ့ ဖွာပေးပြီး နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Tuesday, 9 August 2016

ပုဇွန်ဖက်ထုတ်ကြော်










ဒီနေ့တော့ ပုဇွန်ထုတ်နဲ့ကြက်သားကို  ဖက်ထုတ်အစာလုပ်ပြီး ထုတ်ကာ ကြော်စားဖြစ်လို့ စားလို့အရမ်းကောင်းတဲ့ အစာစပ်နည်းနဲ့ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 250 g
  2. ပုဇွန်ထုတ် - အခွံချွတ်ပြီးသား 100 g
  3. Wonton skin  - အရွက်၃၀ခန့် ready made အရွက်ကို သုံးထားပါတယ်
  4. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. Mushroom soy sauce - ထမင်းစားဇွန်း တဇွန်း
  7. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင် (40 ml)
  11. တရုတ်နံနံ - လှီးပြီးသား  (30 mlခန့်)
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. နေကြာဆီ - လီတာဝက်ခန့်

ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို ခပ်သေးသေးလေးတွေ လှီးထားပါ
  • ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  • ကြက်သားနှင့် ပုဇွန်ကို ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တဆစ်စာ အနေလောက် လှီးပေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတလုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ကြက်သားပုဇွန်အရော ကြက်သွန်မိတ် တရုတ်နံနံ တရုတ်မဆလာ ငရုတ်ကောင်းမှုန့် ဆား အချိုမှုန့် နှမ်းဆီ mushroom soy saue, cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ
ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ
  • Wonton skin ကို တရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီဝက်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • အစာထည့်ပြီးသော Wonton အရွက်ဧ။် အနား၂ဖက်ကို ရေနှင့် အနည်းငယ် စွတ်ပေးပြီး ပုံပါအတိုင်း ခေါက်ပေးပါ
  • အနား၂ဖက် ကပ်သွားစေရန် လက်မနှင့် လက်ညှိုးကြားထည့်ကာ လိုက်ဖိပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တခုနှင့် တခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ကြော်မစားသေးပါက နာရီဝက်လောက် လေသလပ်ခံပြီးမှ တခုနှင့်တခု ထပ်ကာ၉ထားပြီး သိမ်းပေးပါ
  • ထိုနည်းအတိုင်း wonton skin အရွက်များ ကုန်တဲ့အထိ ထုပ်ပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိုင်သလောက် ကြော်ပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ အပေါ်ထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ ကြော်နိုင်ပါတယ်
ကြော်ရန် ပြင်ဆင်ပုံ
  • ကြော်နေစဉ် ဖက်ထုတ်အပြင်သား အကျက်မမြန်စေရန်အတွက် အိုးအသားထူသော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီထည့်ပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ဖက်ထုတ်အပြင်ခွံ ကျက်ပြီးအရောင် မလှသလို အတွင်းက အစာများ မကျက်ဘဲ ဖြစ်တတ်ပါတယ်
  • မီးလျော့ပြီး အိုးထဲမှဆီ အငွေ့သေလောက်မှ ဖက်ထုတ်များကို တထုတ်ခြင်း တခုနှင့်တခု မကပ်အောင် ထည့်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် လှန်လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ အရသာရှိလွန်းသော ပုဇွန်ကြက်သား ဖက်ထုတ်ကြော်ကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိုင်ပါပြီ။

Monday, 8 August 2016

ချဉ်ပေါင်ဟင်း






ဒီနေ့တော့ အိမ်ကချဉ်ပေါင်ခင်းလေး နောက်ဆုံး ရသလောက်ခူးပြီး ချဉ်ပေါင်ဟင်းဝါလေး တစ်မယ် ချက်ပါတယ် အစပ်မစားသူတွေအတွက် အဆင်ပြေစေမဲ့ အရည်သောက်ဆမ်း ဟင်းဖြစ်လို့ အဆင်ပြေရင် ချက်စားနိုင်အောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ချဉ်ပေါင်ရွက် - အနေတော် ဇကာတစ်လုံး
  2. မျှစ် - ဟင်းရည်သောက် ပန်းကန်အလတ် တစ်လုံးစာ
  3. ပုဇွန် - အကောင်သေး 150 g
  4. ပင်စိမ်းရွက် - အနည်းငယ်
  5. ပုဇွန်းငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲနှင့်ပုဇွန်အရသာနယ်ရန် )
  10. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  • အရိုးထွင်ပြီးသား ချဉ်ပေါင်ရွက်ကို ရေဆေးပြီး ဇောက်နက်သော အိုးတစ်လုံးထဲမှာ ထည့်ထားပါ
  • ပုဇွန်ကိုရေဆေး၍ အမြှီးနှင့် ခေါင်းဖြုတ်ပြီး ဆား အချိုမှုန့် ငံပြာရည် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က် ဆီတို့နှင့် အရသာဝင်အောင် နယ်ထားပါ
  • ပြုပ်ပြီးသားမျှစ်ကို ရေဆေး၍ အနေတော် တုံးထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • ပုဇွန်ငါးပိကို ရေ ထမင်းပေါင်းအိုး ဆန်ချဉ်ဗူး တစ်ဗူးစာလောက်နှင့် ဖျော်ထားပါ
  • ချဉ်ပေါင်ရွက် ထည့်ထားသော အိုးထဲသို့နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တ၀က်နှင့် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးစာလောက် ထည့်ပေးပါ
  • မီးအား ပြင်းပြင်းဖြင့် ချဉ်ပေါင်ရွက်အိုးကို တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ချဉ်ပေါင်ရွက်များ ကျေသွားအောင် သစ်သားယောင်းမဖြင့် နာနာမွှေပေးပါ
  • ချဉ်ပေါင်ရွက်များ ကျေလာပြီး ရေမခမ်းခင် အချိန်မှာ အရသာနယ်ထားသော ပုဇွန်ကို အိုးထဲထည့်ပြီး မွှေပေးပါ
  • ပုဇွန်အရောင် ပြောင်းလာတာနဲ့ ရေဖျော်ထားသော ပုဇွန်ငါးပိကို လက်နှင့်ထပ်ဖျော်ပြီး အရည်စစ်ကာ ဟင်းအိုးထဲ ထည့်မွှေပေးပါ
  • ပြီးတာနဲ့လှီးထားသောမျှစ်နှင့် ရေကိုလိုသလောက် ချင့်ချိန်ထည့်ပါ
  • ရေထည့်ပြီး အိုးအဖုံးမအုပ်ဘဲ တည်ပေးပါ 
  • ရေဆူလာလျှင် ဝေကျတတ်သောကြောင့် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ်ပြီး တင်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပင်စိမ်းရွက်အုပ်ပြီး အိုးအဖုံးအုပ်ကာ မီးပိတ်ပေးပါ
  • ပင်စိမ်းရွက်နံ့သင်းနေတဲ့ ချဉ်ပေါင် မျှစ် ဟင်းဝါလေးကို အလွန်လိုက်ဖက်သော ငါးပိထောင်း ငါးဇင်ရိုင်းအိုးကပ်တို့ဖြင့် လိုသလို သုံးဆောင်နိုင်ပါပြီ။
  • ပင်စိမ်းရွက် မရှိပါက မထည့်ဘဲလဲ ချက်နိုင်ပါတယ်။

Sunday, 7 August 2016

ပြည်ကြီးငါးကြော်


မနေ့က ဈေးသွားတုန်း ပြည်ကြီးငါး လတ်လတ်ဆတ်ဆတ်လေးတွေ တကီလိုကို $13 နဲ့ ရတာမို့ တကီလို၀ယ်လာပြီး အိမ်ရောက်တော့ စားမဲ့သူက ကိုယ်တယောက်ထဲမို့ မချက်တော့ဘဲ ကြော်စားဖို့ စိတ်ကူးအကောင်ထည်လေး ဖော်လိုက်မိပါတယ်။

အကောင်လိုက်မို့ ကိုင်ရဆေးရတာ နဲနဲလေးတော့ လက်၀င်ပါတယ် အကိုင်အတွယ်မတတ်လို့ ဗိုက်ထဲက မဲနယ်အိတ်လေးပေါက်သွားရင် ဆေးလို့ကို မပြီးနိုင်တော့ပါဘူး ဒါကြောင့်မို့ မဲနယ်အိတ်ကို အရင်ထုတ်ပြီးမှ ကျန်တဲ့မလိုတာတွေကို ဖယ်တာအကောင်းဆုံးပါ။

အားလုံးသန့်စင်ပြီဆိုရင်တော့ လိုအပ်တာတွေကို ပြင်ဆင်ပြီး ကြော်ဖို့နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

  1. ပြည်ကြီးငါး အကောင်ကြီးကြီး - နှစ်ကောင်
  2. BREAD CRUMBS. - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံ
  3. ကြက်ဥ - တစ်လုံး
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ  - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ

  • ပြည်ကြီးငါးကို ရေစင်အောင်ဆေးပြီး အ၀တ်စသန့်သန့် သို့မဟုတ် paper towel နှင့်သုတ်ကာ အခြောက်ခံပေးပါ
  • ရေခြောက်သွားပါက အနေတော် အကွင်းလိုက်လှီးပေးပါ
  • လှီးထားသော ပြည်ကြီးငါး အကွင်းလေးများကို ဆား ငရုတ်ကောင်း အချိုမှုန့်တို့နဲ့ နယ်ပေးပါ
  • ကြက်ဥကို ပန်းကန်လုံး တစ်လုံးထဲထည့်ပြီး ခလောက်ထားပါ
  • BREAD CRUMBS အမှုန့်ကို ပန်းကန်ပြားထဲ ထည့်ထားပါ
  • ပြည်ကြီးငါးကို ခလောက်ထားသော ကြက်ဥထဲမှာ နှစ်ပေးပြီး တစ်ကွင်းခြင်းမှာ ကပ်အောင်လူးပေးပါ
  • ပြီးတာနဲ့ bread crumbsအမှုန့်မှာ လူးပေးပါ
  • အားလုံးကို အမှုန့်နှင့် ကပ်လူးပြီးပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုပူအောင်တည်ပေးပါ
  • ဆီပူလာပါက မီးကိုအနေတော် လျှော့ပေးပြီးမှ ပြည်ကြီးငါး အကွင်းလေးတွေကို တစ်ကွင်းခြင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ပြည်ကြီးငါး အကွင်းလေးများ တစ်ဖက်က ရွှေဝါရောင်သန်းလာပါ နောက်တစ်ဖက်ကို လှန်ပေးပါ
  •  နှစ်ဖက်စလုံး ရွှေဝါရောင် သန်းလာပါက ချက်ချင်းဆယ်ပြီး ဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကုန်တဲ့အထိ ကြော်ပေးကာ ဆီစစ်တာနဲ့ ပြည်ကြီးငါးကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။