Thursday 16 July 2020

ချဉ်ငံစပ် ပဲပြားဟင်း


ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ ပဲပြားဟင်းကို ချဉ်ငံစပ်လေး ချက်ဖြစ်ပါတယ် သတ်သတ်လွတ် ဟင်းလေး တစ်မယ်ဖြစ်လို့ သတ်သတ်လွတ် စားတဲ့သူတွေအတွက် အစဉ်ပြေမှာဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပြားအပျော့ - 250 g 
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  10. နံနံပင် - မိမိနှစ်သက်သလောက်
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ပဲပြားကို ရေဆေးပြီး အတုံးလေးတွေ တုံးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာများ ဖြုတ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်ဖြူ  နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး အပူပေးပါ ဆီပူလာပါက နနွင်းမှုန့်ထည့်ပြီးတာနဲ့ ငရုတ်သီးထောင်းကိုထည့်ကာ မွှေပေးပါ
  • ငရုတ်သီး အနံ့သင်းပြီး ကြက်သွန်များ နွမ်းလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကိုထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ ခရမ်းချဉ်သီးများကို ကျေသွားအောင် ဇွန်းနှင့် ဖိချေပေးပါ
  • ခရမ်းချဉ်သီးများ ကျေသွားပြီး အခွံများ လိတ်လာပါက ပဲပြား ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပါ
  • ပဲပြားနှင့်ခရမ်းချဉ်သီးများ လုံးမိသွားက ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ဆီပြန်အောင် တည်ပေးပါ
  • ဆီမပြန်ခင် ငရုတ်သီးစိမ်းကို ထည့်ပေးပြီး ဆက်တည်ပေးပါ
  • ဆီပြန်လာပြီ ဆိုပါက နံနံပင်ကိုထည့်ပြီး သမအောင် အသာမွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်၍ စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment