Wednesday 15 July 2020

ကြက်သား ဒိန်ချဉ်နှပ်ဟင်း


ဒီနေ့တော့ ပြောင်းဖူးကြက်သားလေးတွေကို ဒိန်ချဉ်နဲ့ နှပ်ထားပြီး ချက်ဖြစ်ပါတယ် ဒံပေါက်ကြက်သား အရသာလေး ရတဲ့အတွက် ထမင်းဖြူလေးနဲ့လဲ အရမ်းကို လိုက်ဖက်ပါတယ်။

စားလို့အရမ်းကောင်းပြီး ထမင်းဖြူ  ပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားဒိန်ချဉ်နှပ်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ပြောင်းဖူးကြက်သား - 600 g 
ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
ချင်း - လက်တစ်ဆစ်ခန့်
ကရဝေးရွက် - သုံးရွက်
သစ်ဂျပိုးခေါက် - နှစ်လက်မခန့်
လေးညှင်း - သုံးပွင့်
ဖာလာစေ့ - နှစ်စေ့
ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်

ကြက်သားအရသာနယ်ရန်

ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
ဒိန်ချဉ် - ထမင်းစားဇွန်း လေးဇွန်း
ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် 
ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
ချင်းကို အခွံခွာပြီး ရေဆေးထားပါ
ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
ကရဝေးရွက် ဖာလာစေ့ လေးညှင်း သစ်ဂျပိုးခေါက်တု့ကို ပြင်ထားပါ
ပါ၀င်ပစ္စည်းများ အားလုံးတို့ကို ကြက်သားထဲထည့်ကာ အရသာ၀င်အောင် နယ်ထားပြီး ရေခဲသေတာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ် နှပ်ထားပါ

ပြင်ဆင်ပုံ

ကြက်သားချက်ရန် ဇောက်နက်သော အိုးတစ်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သားများကို ထည့်ပေးပါ
ပြီးတာနဲ့ ကြက်သားအိုးကိ်ု မီးဖိုပေါ်တင်ပြီး တည်ပေးပါ
ကြက်သားအသားများ မာကျစ်လာတဲ့ထိ ငါးမိနစ်လောက် လုံးချက်ချက်ပြီး ဆီသတ်ပေးပါ
ကြက်သားအသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် မကြာမကြာ လှုပ်လှုပ်ပေးပါ
ရေမခမ်းခင် ဆီလည်ရေလည် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
ကြက်သားအရသာ မိမိစိတ်ကြိုက် ရလာပါက အရသာ ထူးကဲပြီး မွှေးကြိုင်နေတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment