Thursday 27 February 2020

ရေခဲသုပ်




ရေခဲသုပ်လို့ ပြောလိုက်ရင် ငယ်ငယ်တုန်းက ကျောင်းစျေးတန်းမှာ ရေခဲပေါက်ဆီလေးတွေကို ဒုတ်နဲ့ထိုးပြီး ရောင်းတာကို ဝယ်စားခဲ့ကြတာတို့ ဖန်ခွက်ကြီးထဲမှာ ရေခဲခြစ်တွေထည့် သစ်သီးယိုတွေထည့်ပြီး အပေါ်ကနေ နီု့ဆီဆမ်းပေးတဲ့ ရေခဲသုပ်တို့ကို သတိရမိကြလိမ့်မယ်လို့ ထင်မိပါတယ်။

အခုလဲ မာမာ့သမီးလေးက ရေခဲသုပ် စားချင်လိုက်တာ မေမေရယ်လို့ ပူဆာလေတော့ အိမ်မှာရှိတဲ့ သစ်စေ့သစ်ဆံတွေရယ် ကိုယ်တိုင်လုပ်ထားတဲ့ ကျောက်ဖရုံယိုလေးတွေရယ်ကို အဆင်သင့် ရအောင်ပြင်ရပါတယ်။

ရေခဲခြစ်ကိုတော့ ရေခဲတုံး သေးသေးလေးတွေကို ဗလင်ဒါထဲမှာထည့်ပြီး ညက်နေအောင် ကြိတ်ပေးကာ ရေခဲသုပ်ကို အရောင်လှလှလေး လိုချင်တာနဲ့ နို့ဆီနှင့်အတူ အစာအရောင်ဆိုးဆေး အနီရောင် အဝါရောင် အစိမ်းရောင်တို့ကို ပြင်ထားလိုက်ပါတယ်။

ရေခဲသုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ မိမိနှစ်သက်သလို အရသာ ဖန်တီးဖို့အတွက် ရေခဲသုပ် တစ်ခွက်စာအတွက် ပြင်ဆင်နိူင်ဖို့ရာ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ရေခဲတုံး - 3 cups
  2. နို့ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  3. အရောင်ဆိုးဆေး အနီရောင် - တစ်စက်ခန့်
  4. အရောင်ဆိုးဆေး အဝါရောင် - တစ်စက်ခန့်
  5. အရောင်ဆိုးဆေး အစိမ်းရောင် - တစ်စက်ခန့်
  6. ရေ - လိုသလောက် သုံးပေးပါ (အရောင်စပ်ရနနှင့် သကြားအရည်ကျ ိုရန်)
  7. ကျောက်ဖရုံယို - ထမင်းစားဇွန်း တစ်ဇွန်း
  8. သစ်စေ့သစ်ဆံ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. မြေပဲလှော်ထောင်း - ထမင်းစားဇွန်း တစ်ဝက်
  10. နာနတ်ယို - ထမင်းစားဇွန်း တစ်ဝက်
  11. စတော်ဘယ်ရီယို - ထမင်းစားဇွန်း တစ်ဝက်
  12. နှင်းဆီရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. သကြား - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  • ဖန်ခွက်တစ်ခုထဲမှာ ရေ ထမင်းစားဇွန်း သုံးဇွန်းစာနှင့် အစာအရောင်ဆိုးဆေး အနီရောင်ကို ထည်ွှပြီး မွှေထားပါ
  • အထက်ပါ နည်းအတိုင်းဘဲ အဝါရောင်နဲ့ အစိမ်းရောင်တို့ကို ဖျော်ပေးထားပါ
  • ဇောက်နက်သော အိုးအနေတော်ထဲမှာ ရေ 1 cupနှင့် သကြားတို့ကို ထည့်ပြီး သကြားများ အရည်ပျော်သွားအောင် ကျိုပေးပါ
  • သကြားများ အရည်ပျော်သွားတာနဲ့ အအေးခံထားပေးပါ
  • မြေပဲလှော်ကို အခွံများ ခြွတ်ပေးကာ အခွံများ ဖယ်ပေးပြီး မြေပဲစေ့များကို မညက်တစ်ညက် ထောင်းထားပေးပါ
  • မိမိနှစ်သက်သော စသ်စေ့သစ်ဆံများကို အဆင်သင့် ပြင်ထားပါ
  • ကျောက်ဖရုံယိုကို လက်တစ်စာ အတုံးလေးလေးတွေ တုံးထားပေးပါ
  • နာနတ်ယို စတော်ဘယ်ရီယိုတို့ကို ပြင်ထားပါ
  • နှင်းဆီရည်နှင့် နီု့ဆီတို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ရေခဲတုံးလေးတွေကို ဗလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ရေခဲတုံးလေးတွေ ကျေသွားပါက ပန်းကန်လုံး (သို့) ဖန်ခွက်ထဲကို ထည့်ပေးပါ
  • ရေခဲခြစ်ပြီးသား အပေါ်မှ အစေ့အဆံများ ယိုမျိုးစုံနှင့် မြေပဲလှော်ထောင်းတို့ကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရောင်ဆိုးဆေးများကို ထည့်ပေးပါ
  • ထိုအပေါ်ကမှ နှင်းဆီရည် သကြားရည်နှင့် နီု့ဆီကို ဆမ်းပေးပါ
  • အရသာအားလုံး မျှတအောင် ထည့်ပေးပြီးတာနဲ့ ရေခဲသုပ် ချိုချိုမွှေးမွှေး အေးအေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီရှင်။

No comments:

Post a Comment