Saturday 29 February 2020

သီးစုံ ကြက်ခြေထောက်ထောင်း



မနေ့က ကြက်ခြေထောက်ရိုးတွေ အရိုးထုတ်ထားတာ များသွားတော့ နှစ်ရက်ခြား တစ်ခါလောက် ကြက်ခြေထောက်လေးတွေကို ထောင်းပြီးစားဖြစ်နေပါတယ် တစ်ခါထောင်းရင် အရသာတစ်မျိုး စားရလေအောင် ပါ၀င်ပစ္စည်းများလေးတွေကို လိုတိုးပိုလျှော့ လုပ်ပေးကာ ပြင်ဆင်ပြီး ထောင်းပေးထားပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မျောက်ငိုသီးနဲ့ ပဲတောင့်ရှည်လေးတွေ ထပ်တိုးပြီး ထောင်းဖြစ်လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ခြေထောက် - ၃၅ ချောင်း (အရိုးထွင်ပြီးသား)
  2. ငရုတ်သီး အခြောက်တောင့် - ၅တောင့် (အစပ်ကြိုပ်ပါက ပိုထဲ့ပေးပါ)
  3. ထန်းလျှက်ခဲ - ကွမ်းသီးဆံ အလုံးလောက် တစ်ခဲ
  4. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ-  အမွှာကြီးကြီး ၃မွှာ
  7. ပဲတောင့်ရှည် - လေးတောင့်ခန့်
  8. မျောက်ငိုသီး - မိမိနှစ်သက်သလောက်
  9. ခရမ်းချဉ်သီး အနေတော် နှစ်လုံး
  10. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  11. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  12. ငါးငံပြာရည်အချို - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဂဏန်းငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ကြက်သွန်နီ - အလုံးသေး တစ်လုံး
  15. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
  16. နံနံပင် - နှစ်သက်သလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ခြေထောက်များကို ပြုပ်ပြီး အရိုးထုတ္ထားပါ။
  • သံပုရာသီးကို ရေဆေးပြီး တ၀က် ခြမ်းထားပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ထူထူ လှီးထားပါ
  • မျောက်ငိုသီးကို ရေဆေးပြီး ရေစစ်ထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးပေးထားပါ
  • ငရုတ္သီး အခြောက်တောင့်များကို အညှာခြွေပြီး ရေဆေးထားပါ
  • ဂဏန်းငံပြာရည်အနောက် ငါးငံပြာရည်အနောက် ငါးငံပြာရည်အကြည်တို့ကို ပြင်ထားပါ
ထောင်းရန်ပြင်ဆင်ပုံ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ ကြက်သွန်ဖြူ ငရုတ်သီးအခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ။
  • အနည်းငယ် မညက်တစ်ညက် အေနအထား ရသွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ။
  • ထောင်းတဲ့နေရာမှာလဲ ခပ်ကြမ်းကြမ်း ထောင်းစရာ မလိုဘဲ ငရုတ်ကျည်ပွေ့နှင့် အသာအယာဘဲ ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ။
  • အရသာ သမသွားတာနဲ့ အရိုးထွင်ထားသော ကြက်ခြေထောက်များကို ထည့်ပေးပြီး အရသာသမအောင် ဇွန်းနှင့် မွှေပေးပါ။
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ လှီးထားသော ခရမ်းချဉ်သီး ပိုင်းဖြတ်ထားသော ပဲတောင့်ရှည် လှီးထားသော နံနံပင် ကြက်သွန်နီနှင့် သံပုရာရည်ကို ထည့်ပြီး ဇွန်းနှင့် ခပ်ဖွဖွလေး ၄ချက်လောက် မွှေပေးပါ။
  • မွှေနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးကာ မျောက်ငိုသီးကို ထဲ့ပေးပြီး အထက်အောင် သမအောင် မွှေပေးပါ။
  • ပြီးတာနဲ့ ကြက်ခြေထောက်ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment