Sunday, 17 January 2016

ဘလိုကိုလီ ချဉ်ငံစပ်သုပ်



ဒီနေ့တော့ အသားမစားချင်တာနဲ့ ဘလိုကိုလီလေး သုပ်စားဖြစ်ပါတယ် ဒီအသုပ်က သမီးငယ်အကြိုက်မို့လို့ မကြာမကြာ သုပ်စားဖြစ်ပါတယ် ကျန်းမာရေးအတွက်လဲ ကောင်းတာမို့လို့ နေ့လည်နေ့ခင်း အပျင်းပြေလေးဘဲဖြစ်ဖြစ် ထမင်းပူပူလေးနဲ့ဘဲဖြစ်ဖြစ် သုပ်စားကြည့်ရအောင် အသုပ်သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘလိုကိုလီ - အနေတော်တပွင့်
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ကြက်သွန်နီ - အနေတော် တလုံး
  • မုံလာဥနီ - အနေတော် တဥ
  • ပူစီနံ - နှစ်သက်သလောက်
  • သံပုရာသီး - တစိတ်
  • ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  • ခရမ်းချဉ်သီး - အနေတော် တလုံး
  • နှမ်းလှော် - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
  • မြေပဲလှော်ထောင်း - ထမင်းစားဇွန်းမောက်မောက် တဇွန်း
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးကာ ၁၀မိနစ်လောက် ရေစိမ်ထားပါ
  2. မုံလာဥနီကို ပါးပါးလှီးပြီး ရေဆေးကာ ၁၀မိနစ်လောက် ရေစိမ်ထားပါ
  3. ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ
  4. ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ
  5. ပူစီနမ်ကို အနေတော် လှီးထားပါ
  6. မြေပဲလှော်ကို မညက်တညက် ထောင်းထားပါ
  7. နှမ်းကို ကျက်အောင်လှော်ထားပါ
  8. ဘလိုကိုလီကို အနေတော် အခက်လေးများ ရအောင်လှီးပြီး ရေဆေးထားပါ
  9. ဘလိုကိုလီပြုပ်ရန် ရေ အနေတော်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  10. ရေဆူလာတာနဲ့ ဘလိုကိုလီများကို ၃မိနစ်လောက် ထည့်ပြုပ်ပေးပါ
  11. ၃မိနစ်ပြည့်တာနဲ့ ရေနွေးသွန်ပြီး ပြုပ်ထားသော ဘလိုကိုလီများကို ရေအေးနှင့်ဆေးပြီး ရေအေးနှင့် ၁၀မိနစ်လောက် စိမ်ကာစိမ်ကာ အအေးခံလိုက်ပါ
  12. ဘလိုကိုလီများ အေးလာတာနဲ့ ကြက်သွန် မုံလာဥနီ ပူစီနမ် ငရုတ်သီးစိမ်း ခရမ်းချဉ်သီး အချိုမှုန့် နှမ်းလှော် မြေပဲလှော်ထောင်းမှုန့် ငံပြာရည် တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး အသုပ်ကို ခပ်ဖွဖွနယ်ကာ အရသာမြည်းပြီး အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။

3 comments:

  1. စမ်းသုပ်ကြည့်မယ် မစားဖူးသေးဘူးမမရေ။

    ReplyDelete
  2. ကျေးဇူး တီမာ
    ခုတလော ၀ိတ်လျှော့နေလို့ ညစာ အသီးအရွက်ပဲ စားနေတာ.. တမယ်တိုးပြီ

    ReplyDelete
  3. ဘရိုကိုလီကို ကြော်စားတာကလွဲလို့ တစ်ခြားနည်းတစ်မျိုး ရသွားပြီ ကျေးဇူးပါ မာမာရေ....

    ReplyDelete