Monday 3 September 2012

ငါးဆုတ် အစာသွပ်














မာမာ ဒီနေ့တော့ ငါးဆုတ်လေးတွေကို အရသာတစ်မျိုးဖြစ်အောင် လုပ်စားတဲ့ အထဲက ငဆုတ်အစာသွပ်လေး လုပ်စားဖြစ်ပါတယ် ဘာဆာငါးလေးနဲ့ဘဲ ငါးဆုတ်ကို လုပ်ထားပါတယ် ပဲပြားအဆာသွပ်သလိုဘဲ သွပ်ထားပြီး ကြက်သွန်ဖြူ  ကြက်သွန်နီ ဆီချက်နံ့မွှေးမွှေး အရသာ ထူးထူးလေးကြောင့် မာမာလုပ်စားဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါး - 300 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ချင်း - ခပ်ပါးပါး သုံးပြား
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲမောက်မောက်
  8. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဘာဆာငါးကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ဘာဆာငါးကို ဆား နနွင်းမှုန့် အရသာမှုန့် ချင်း ကြက်သွန်ဖြူ နှင့် ပြောင်းဖူးမှုန့်တို့နဲ့ရောပြီး ကြိတ်ပေးပါ
  • တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် ငါးခါလောက် ကြိတ်ပေးလိုက်ရင် ရပါပြီ
  • အစာသွပ်ဖို့ အဆင်ပြေစေရန် လက်က်ုရေစွတ်ပြီး ထမင်းစားဇွန်း တစ်ဇွန်းခွဲ သာသာစာယူပြီး ခပ်ရှည်ရှည်လေးတွေ ဆုတ်လုံးပေးပါ
  • ငါးကြိတ်သားများကို ဆုတ်လုံးနေစဉ် လက်မှာမကပ်စေရန် လက်ကို ရေစွတ်စွတ်ပြီမှး ဆုတ်လုံးပေးပါ
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ  
  • ဆီပူလာတာနဲ့မီးကိုအနည်းငယ် လျှော့ပြီးမှ ငါးဆုတ်များကို တစ်လုံးချင် အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ငါးဆုတ်အားလုံး အကျက်ညီစေရန် မကြာမကြာ အထက်အောက် လှန်လှန်ပေးပြီး မွှေပေးပါ
  • ကြော်နေစဉ် ငါးဆုတ်က ပွဖောင်းဖောင်းလေး ဖြစ်လာတတ်တဲ့အတွက် တစ်ခါထဲ အများကြီး ထဲ့မကြော်မိဖို့ သတိထားပါ
  • ငါးဆုတ်တစ်ခုလုံး ရွှေဝါရောင် သန်းလာပြီ ဆိုတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ငါးဆုတ်ကြော် အေးသွားပါ အလယ်တဲ့တဲ့မှ အပေါက်ကလေးရအောင် ကပ်ကြေးနဲ့ညှပ်ပေးပါ
  • ထိုအပေါက်လေးထဲသို့ ပြင်ထားသော အစာများကို လိုသလောက်ထဲ့ပြီး စားသုံးနိုင်ပါပြီ။
အစာသွပ်ရန် ပါဝင်ပစ္စည်းများ
  1. ဂေါ်ဖီ - တစ်စိတ် 
  2. မုံလာဥနီ - အနေတော်တစ်ဥ 
  3. ကြက်သွန်ဖြူ  ဆီချက်ဖတ် - လိုသလောက် သုံးပေးပါ
  4. ကြက်သွန်နီဆီချက် - လိုသလောက် သုံးပေးပါ
  5. မကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  6. မြေပဲလှော် - ထမင်းစားဇွန်း ငါးဇွန်းခန့်
  7. ငါးငံပြာရည် - လိုသလောက် ပြင်ထားပါ
  8. ဟင်းချိုမှုန့် - လိုသလောက် ပြင်ထားပါ
  9. ငရုတ်သီးစိမ်း - လိုသလောက် ပြင်ထားပါ
ပြင်ဆင်ပုံ
  1. ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  2. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  3. မန်ကျည်းသီးမှည့်ကို ရေနွေးပူပူဖြင့် နှစ်ထပ်လောက် ဆေးပေးပြီး ရေနွေးဖြင့် စိမ်ပေးထားပါ
  4. မြေပဲလှော်ကို အခွံခြွတ်ပြီး မညက်တစ်ညက် ထောင်းပေးထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  6. ကျန်နေသော ပါဝင်ပစ္စည်းများကို ပြင်ထားပေးပါ
အစာသွပ်ရန်
  • ငဆုပ်လုံး - တစ်ခု (အလယ်မှ အစာသွပ်ရန် အပေါက်လေးရအောင် ကပ်ကျေးနှင့် ညှပ်ပေးပါ)
  • မြေပဲထောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  • ဂေါ်ဖီ - အနည်းငယ်
  • မုံလာဥနီ - အနည်းငယ်
  • ငရုတ်သီးစိမ်း -  စားနိုင်သလောက်
  • မကျည်းမှည့်ရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ကြက်သွန်ဖြူ ဆီချက်ဖတ် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီဆီချက် - လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ ထည့်ပေးပြီးပါက အရမ်းစားလို့ ကောင်းလွန်းတဲ့ ငါးဆုတ်အစာသွပ်လေးတွေ ရပါပြီ။

12 comments:

  1. နည်းအဆန်းလေးတွေ အစ်မတို့ blog တွေထဲကနေ လိုက်ကြည့်ရတယ်.. ကိုယ့်ဖာသာဆို မလုပ်တတ်ဘူး။ ငါးဆုပ်ကြော်ဆိုလဲ ငါးဆုပ်ကြော်နဲ့တင် ပြီး သွားရော။ အစ်မတို့ဆီကမှ ဆန်းဆန်းပြားပြားလေးတွေ နည်းရတာ.. ^.^

    ReplyDelete
    Replies
    1. ပျော်စရာကောင်းတယ် Moe Thaut Phyu ရေ
      တစ်ချို့အစာလေးတွေက ကဗျာလေးတွေဘဲ
      ဟိုစပ်ဒီစပ်နဲ့ အရသာရှိတဲ့ကဗျာလေးဖြစ်သွားတတ်တယ်လေ :)

      Delete
  2. ဒါမျိုးဆိုရင်တော့လေးငါးဆယ်ခုအသာလေးစားနိုင်တယ်နော်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ်နော် မမမာလဲတစ်ခါစားရင်လေးငါးခုစားနိုင်တယ် :)
      အစားကလူနဲ့တဲ့တယ်လေ :)

      Delete
  3. ငဆုပ်လုံးအစာသွပ် အားပေးသွားတယ် မာမာရေ။ ငါးထဲမှာ ငါးဆုပ်လုံးကြော်တော့ ကြိုက်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. မာမာ အကြိုက်ဆုံးအစာထဲမှာလဲငဆုပ်လုံးပါတယ်တီတင့်
      အကြိုက်ချင်းတူတယ်နော် :))

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  4. ရှလွတ်...ဗိုက်ဆာနေလို့ ငဖဲအစာသွပ်ကော၊ ပဲပြားအစာသွပ်ကော စားသွားပါတယ်အမရေ...

    ReplyDelete
    Replies
    1. အဝသာစားသွားပါညီမလေးရေ :))

      Delete
  5. ငဆုပ်လုံးတွေ တလုံးပြီးတလုံးကောက်စားလိုက်ရရင်တော့ ချစ်မရေ...အရမ်းကြိုက်တာ

    ReplyDelete
    Replies
    1. စားပါ စုရေ
      မမမာလဲသိပ်ကြိုက်တယ်

      Delete
  6. မမမာရေ.. အရမ်းကောင်းမယ်လို့ ထင်ပါတယ်။ ငါးဆုပ်လုံးကိုသိပ်ကြိုက် ပါတယ်ရှင်..

    ReplyDelete
    Replies
    1. မာလာရေ သရည်စာလေးလိုစားရင်အရမ်းစားကောင်းတဲ့အစာလေးပါ
      အားရင်လုပ်စားကြည့်နော် :)

      Delete