မာမာဒီနေ့တော့ ဈေးကိုသွားရင်း မျှစ်ချဉ်ဗူးလေး ဝယ်လာပြီး အစိမ်းသုပ်လေး သုပ်စားဖြစ်ပါတယ်။ မာမာကတော့ အသုပ်သုပ်စားဖို့ ဆီချက်အပါအဝင် ပါဝင်ပစ္စည်းလေးတွေက အိမ်မှာ အဆင်သင့် ရှိနေတဲ့အတွက် အသုပ်သုပ်ချိန် မကြာဘဲ အသုပ်တစ်ပွဲ ပြင်ဆင်နိူင်ခဲ့ပါတယ်။
ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန်စွာ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ မျှစ်ချဉ် အစိမ်းသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မျှစ်ချဉ် - လက်တစ်ဆုတ်စာသာသာ
- ဆီနီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
- မြေပဲလှော်ထောင်း - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- မျှစ်ချဉ်ကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇလုံကျယ်ကျယ်ထဲမှာ မျှစ်ချဉ်များ မြေပဲလှော််ထောင်း ကြက်သွန်နီ ပုဇွန်ခြောက်မှုန့် ပဲမှုန့် အရသာမှုန့် ဆီနီဆီချက်နှင့် ငရုတ်သီး အလှော်မှုန့် တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
- နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မျှစ်ချဉ်နံ့ မွှေးမွှေးလေးနဲ့ မျှစ်ချဉ်သုပ် ကျွတ်ကျွတ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။
ဆီနီ ဆီချက်လုပ်နည်းလေးသင်ပေးပါဦး
ReplyDeleteOk!
Delete