အခုတလော Sydneyမှာ ရာသီဥတုက အေးစိမ့်လို့ လာခဲ့ပါပြီ ရာသီဥတု အနေအထားအရ ချဥ်ငံစပ် အသုပ်လေးတွေ စားချင်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ခရမ်းရောင် ဟင်းနုနွယ်ရွက် - အနေတော် ဇကာတစ်လုံး
- ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
- သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ဟင်းနုနွယ်ရွက်ကို အကြောသင်ပြီး အရွက်ခြွေကာရေစင်အောင်ဆေးပြီး နှစ်မိနစ်ခန့် ပြုပ်ပေးကာ ရေသွန်ပေးပါ
- ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကို လက်နှင့်ဆုတ်ပြီး ညှစ်ပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇလုံကျယ်ကျယ်ထဲမှာ ဟင်းနုနွယ်ရွက်များ ကြက်သွန်နီ ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
- နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ချဉ်ငံစပ် ဟင်းနုနွယ်ရွက် အသုပ်ကို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment