အခုရက်ထဲ ဆောင်းဉီးဝင်လာပြီ ဖြစ်တဲ့အတွက် ရာသီဥတုက အေးလွန်းသလို မိုးကလဲ အဆက်မပြတ် ရွာနေလေတော့ ချဉ်ငံစပ်လေးတွေ စားမှဘဲ ထမင်းက စားလို့မြိန်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ ဆီမပါပေမဲ့ အရမ်းစားလို့ကောင်းတဲ့ ခရမ်းကြွတ်သီးလေးတွေနဲ့ ငါးငပိချက်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ခရမ်းကြွတ်သီး ငါးငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ခရမ်းကြွတ်သီး - အလုံး သုံးဆယ်ခန့်
- ထောင်းပြီးသား ငရုတ်သီးစိမ်း - ထမင်းစားဇွန်း ငါးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
- ကြက်သွန်နီ - အနေတော် သုံးလုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ခရမ်းကြွတ်သီးများကို အညှာခြွေပြီး ထက်ဝက်ခြမ်းကာ ရေခပ်များများထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ုဖြူများကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ပေးပါ
- ပြုပ်ထားသော ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးပိချက်ချက်ပုံ
- အိုးတစ်လုံးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အရသာ သမအောင် မွှေပေးပြီး ခရမ်းသီးများ နူးတဲ့အထိ တည်ပေးပါ
- ခရမ်းသီးများ နူးလာတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရတဲ့အထိ အပေါ့အငံကို ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ ခရမ်းကြွတ်သီး ငါးငပိချက် မွှေးမွှေးစပ်စပ်လေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment