ဒီနေ့တော့ အပ်မှိုလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် အသုပ် သုပ်တဲ့အထဲမှာ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်သလို ထမင်းပူပူလေးနဲ့လဲ လိုက်ဖက်ပါတယ်။
ဒါကြောင့်မို့လို့ မိမိတို့ နှစ်သက်သလို စားသုံးနိူင်ဖို့ရာ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အပ်မှို - 400 g
- ငရုတ်သီးစိမ်း - စားနိူင်သလောက်
- အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
- ကြက်သွန်ဖြူ- အမွှာကြီးကြီး လေးမွှာ
- ကြက်သွန်နီ - အနေတော် တစ်ဉ
- ချယ်ရီ ခရမ်းချဉ်သီး - ငါးလုံး
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )
ပြင်ဆင်ပုံ
- အပ်မှိုမှ မလိုတာတွေ ဖယ်ထုတ်ပေးပြီး ရေဆေးပေးပါ
- ဇလုံတစ်လုံးထဲမှာ ရေဆေးပြီး ဖဲ့ထားသော အပ်မှိုများကို ထည့်ထားပါ
- ပွက်ပွက်ဆူအောင် တည်ထားသော ရေနွေးကို အပ်မှိုဇလုံထဲ လောင်းထည့်ပြီး တစ်မိနစ်လောက် ထားပေးပါ
- ပြီးတာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
- ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
အသုပ် သုပ်ရန်ပြင်ဆင်ပုံ
- ဇလုံခပ်ကြီးကြီးထဲမှာ ပါ၀င်ပစ္စည်းများ အားလုံးကို ထည့်ပေးကာ သံပုရာရည် ညှစ်ပေးပြီး အရသာ သမအောင် နယ်ပေးပါ
- အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
- ပြီးတာနဲ့ အပ်မှိုသုပ် ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment