သီးစုံကော်ရည် ချက်တဲ့နေ့က ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို အငံအရသာ ပိုထားပြီး အသီးအနှံတို့ရဲ့ အဟာရ အရသာတို့က ပြည့်စုံနေတဲ့အတွက် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး။
ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ဟင်းတစ်မျိုး ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ခပ်ထူထူ လှီးထားသော ဂေါ်ဖီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- အနေတော် လှီးထားသော ဘရိုကိုလီ - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- အဖတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
- အခွံခွာပြီး လှီးထားသော မုံလာဥနီ - ဟင်းပြင်ပန်းကန် အသေး တစ်လုံးစာ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
- တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
- ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ကော်ရည်ဖျော်ပုံ
- အသီးအရွက်မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
- ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက်ကြော်ပုံ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
- ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
- ကြက်သွန်ဖြူ မွှေးလာတာနဲ့ တရုတ်နံနံမှလွဲပြီး အားလုံးကို ထည့်ကြော်ပေးပါ
- အသီးအရွက်များကို နှစ်မိနစ်လောက်ဘဲ ကြော်ပေးပါ အရွက်များနွမ်းလျှင် စားလို့မကောင်းပါ
- အရွက်များ အရမ်းမနွမ်းခင်မှာ ဖျော်ထားသော ကော်ရည်ကို လောင်းထဲ့ပြီး မွှေပေးပါ
- ကော်ရည်ပျစ်လာပါက တရုတ်နံနံ ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပါ
- သီးရွက်ထစုံ ကော်ရည်လေး ရပြီဖြစ်တဲ့အတွက် မင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment