မာမာဒီနေ့တော့ ဈေးကိုသွားရင်း ကန်စွန်းရွက် လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ဝယ်လာခဲ့ပြီး အစိမ်းသုပ်လေး သုပ်စားဖြစ်ပါတယ်။
မာမာကတော့ အသုပ်သုပ်စားဖို့ ဆီချက်အပါအဝင် ပါဝင်ပစ္စည်းလေးတွေက အိမ်မှာ အဆင်သင့် ရှိနေတဲ့အတွက် အသုပ်သုပ်ချိန် မကြာဘဲ အသုပ်တစ်ပွဲ ပြင်ဆင်နိူင်ခဲ့ပါတယ်။
ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန်စွာ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကန်စွန်းရွက် အစိမ်းသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကန်စွန်းရွက် - လက်တစ်ဆုတ်စာ တစ်စည်း
- ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်နီဆီချက်ဖတ် - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
- သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ကစွန်းရွက်ကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်း လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဇလုံကျယ်ကျယ်ထဲမှာ ကစွန်းရွက်များ ကြက်သွန်နီ နှမ်းလှော် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ကြက်သွန်နီဆီချက်အဖတ် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
- နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ကစွန်းရွက်သုပ် ကျွတ်ကျွတ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment