ဈေးသွားရင်းက ဟင်းချိုချက်ဖို့ ကြက်ပေါင်လေးတွေ ဝယ်လာခဲ့ပြီး ကြက်ပေါင်ကို ပေါင်းကာ ဟင်းချိုလေး လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ချဉ်ငံစပ် ကြက်တောင်ပံပေါင်း ဟင်းချိုရည် လုပ်နည်းလေးကို မျှဝေပေးလိုက် ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်ရင်းသား -500 g
- ပဲကြာဇံ - လက်တစ်ဆုတ်စာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ချင်း - ခပ်ပါးပါး ငါးပြား
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- နံနံပင် - အနည်းငယ်
- ငရုတ်သီး အလှော်မှုန့် - အနည်းငယ်
- ငါးငံပြာရည် - အနည်းငယ်
- သံပုယိုသီး - တစ်ခြမ်း
- ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ကြက်သားပေါင်းရန်)
- ပေါင်းအိုး - တစ်လုံး
ကြက်ပေါင်ပေါင်းရန် ပြင်ဆင်ပြုလုပ်ပုံ
- ကြက်တောင်ပံများကို ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာ ထည့်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်တောင်ပံပေါင်းဖို့ ပြင်ဆင်ပေးပါ
- ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး တနာရီခန့် ရေစိမ်ထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
- ကျန်သော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ကြက်ပေါင် ပေါင်းရန်
- ပန်းကန်ထဲမှာ ထည့်ထားသော ကြက်ပေါင်များကို ဆား အရသာမှုန့် ချင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
- အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
- ကြက်ပေါင်ပေါင်းမည့် ပန်းကန်ထည့်မည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
- ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
- ထို ဇကာလေးလေး အပေါ်မှာ အရသာ နယ်ထားသော ကြက်ပေါင် ပန်းကန်ကို တင်ပေးပါ
- ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
- ကြက်ပေါင် ပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
- ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ကြက်ပေါင် ပန်းကန်ထဲမှ ကြက်ပြုပ်ရည်ကို မိမိနှစ်သက်သလောက် ရေနွေးပူပူလေး ထပ်ရောကာ အရသာ မြည်းပေးပါ
- မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုတာနဲ့ ပဲကြာဇံကို ထည့်ပေးကာ နှစ်မိနစ်ခန့် ထပ်ပေါင်းပေးပါ
- ပေါင်းချိန်ပြည့်တာနဲ့ ကြက်ပေါင် ပေါင်းအိုးကို မီးပိတ်ပေးပါ။
ကြက်ပေါင်ပေါင်းဟင်းရည် ပွဲပြင်ပုံ
- ပန်းကန်တစ်ခုထဲမှာ ကြက်ပေါင်ပေါင်း ဟင်းရည်ကို မိမိနှစ်သက်သလောက် ထည့်ပေးပါ
- ပြီးတာနဲ့ ငါးငံပြာရည် နံနံပင် သံပုရာရည်နှင့် ငရုတ်သီး အလှော်မှုန့်တို့ ထည့်ပေးကာ သုံဆောင်နိူင်ပါပြီ။။
No comments:
Post a Comment