Saturday 24 February 2024

ခရမ်းသီး ဆီလည်ရေလည်ဟင်း





ခရမ်းသီးလေးတွေ ပြုပ်ပြီး တို့စားမယ်ဆိုပြီး ၀ယ်လာခဲ့ပေမဲ့ အိမ်ရောက်တော့ စိတ်ပြောင်းသွားပြီး ဆီလည်ရေလည် ခပ်စပ်စပ်လေး နှပ်ချက်လေး ချက်လိုက်ပါတယ်။

 ဒီနေ့တော့ ထမင်းပူပူနဲ့ နယ်ဖတ်ပြီး စားရတာ လိုက်ဖက်လွန်းတဲ့ ခရမ်းသီး နှပ်ချက် ချက်နည်းလေးကို  မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ခရမ်းသီး - ဆယ့်နှစ်လုံး
  2. ညက်နေအောင် ထောင်းထားသော ကြက်သွန်နီဥကြီးကြီး - တစ်ဥ
  3. ရေစိမ်ပြီး ညက်အောင်ထောင်းထားသော ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်လုံး - တစ်လုံးစာ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  8. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  9. ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်မလှီးဘဲ လေးစိတ်လှီးပေးကာ ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
  • ခရမ်းသီးကို လှီးထားသော နေရာကြားကို အသာလေးဟပြီး သမအောင်နယ်ထားသော အစာများထည့်ပေးပါ
  • ထည့်ပြီးတာနဲ့ ချက်နေစဉ် အစာများအပြင်ကို ပြန်မထွက်စေရန် လှီးထားသော နေရာများကို အပေါ်ဖက်မှာထားပြီး ဇောက်နက်သော အိုးထဲထဲမှာ စီပြီးထည့်ပေးပါ
  • စပ်ထားသော အစာများပိုနေပါက အိုးထဲထည့်ပြီး ချက်ပေးနိူင်ပါတယ်
  • အိုးထဲမှာ ခရမ်းသီးအစာသွတ်များ ဆီနှင့် ရေမမြုပ် တမြုပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပါ
  • ရေ မခမ်းခင် အရသာမြည်းပြီး စိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ဆီလည်ရေလည် အနေအထားရလာရင် မီးပိတ်ပေးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment