Saturday 6 March 2021

မုန့်လက်ဆောင်းလုပ်နည်း

 













မြန်မာပြည်ကြီး မအေးချမ်းလေတော့ ကိုယ်တွေလဲ စိတ်မပျော်ရွှင်ရတာ အမှန်ပါဘဲ အဝေးမှာ ရောက်နေတော့လဲ အစစ အရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးမိသလို အားလုံးဘဲ ဘေးအန္တရာယ် ကင်းရှင်းရလေအောင် ကိုယ်ယုံကြည် အားထားရာ ကိုးကွယ်ရာ ဘုရားစာတွေ ရွတ်ဖတ်ပေးဖြစ်ပါတယ်။

ဘုရားစာတွေ ရွတ်ဖတ်ပေးပြီးပြန်တော့ စိတ်ကဂနာမငြိမ် ထိုင်ရမလို ထရမလိုနဲ့ အိမ်ရှေ့လျှောက်လိုက် နောက်ဖက်ဝင်လိုက်နဲ့ နောက်ဆုံးတော့ အလုပ်လေး တစ်ခုခု လုပ်နေလိုက်ရင် စိတ်သက်သာရာ ရမယ်ထင်ပြီး မုန့်လက်ဆောင်းလေး လုပ်ဖြစ်သွားပါတယ်။

မုန့်လက်ဆောင်းဖတ်က ထုံးရည်ကြည်လေးပါမှ မာမာတင်းတင်းလေး ရပါတယ် ထုံးရည်ကြည် မပါရင် ပျော့ဖတ်ပြီးနဲ့ ရေခဲရေထဲက ဆယ်လိုက်တာနဲ့ ဆန်နှစ်ကြီးလို ဖြစ်သွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်မှုန့် - တစ်ဗူး
  2. ပီလောပီနံမှုန့် - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ဆန်မှုန့်ကျိုရန်)
  5. ထုံးရေကြည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  6. ရေခဲတုံး - ထမင်းပေါင်းအိုး ဆန်ချင်ဗူးလေးဗူးခန့် (မုန့်လက်ဆောင်းဖတ် ညှစ်ထည့်ရန်)
  7. ရေ - လိုသလောက် (မုန့်လက်ဆောင်းဖတ် ညှစ်ထည့်ရန်)
  8. ထန်းလျှက်ခဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ထန်းလျှက်ရည်ကျိုရန်)
  10. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ထန်းလျှက်ရည်ကျိုရန်)
  11. မုန့်လက်ဆောင်းဖတ်လုပ်ရန် မိုလ် - တစ်ခု
ထန်းလျှက်ရည်ကျိုရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ဇောက်နက်သော အနေတော် အိုးလေးထဲမှာ ဆား ထန်းလျှက်ခဲနှင့် ရေတို့ကိုထည့်ပြီး အပူပေးပါ
  • ထန်းလျှက်ခဲများ အရည်ပျော်လာအြီး ရေပွက်ပွက် ဆူလာတဲ့အထိ ကျိုပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့  အမှိုက်များ မပါအောင် ဇကာနှင့်စစ်ပြီး အအေးခံပေးထားပါ။
မုန့်လက်ဆောင်းဖတ်လုပ်ရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ပီလောပီနံမှုန့်နှင့် ဆားတို့ထည့်ပြီး နှံ့သွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ထည့်ပေးကာ ထုံးရေကြည်နှင့် ရေထည့်ပြီး မွှေပေးပါ
  • အဖတ်အားလုံး ကျေသွားတာနဲ့ အိုးကိုမီးဖိုပေါ်တင်ပြီး မီးအနေတော်နှင့် အပူပေးပါ
  • မီးဖိုပေါ် အိုးစပြီး တင်ပြီးတာနဲ့ ခပ်အဖြေးဖြေးချင်း အဆက်မပြတ် မွှေပေးပါ
  • မုန့်နှစ်များ ပျစ်ပြီးကြည်လာတဲ့အထိ မွှေပေးပါ
  • မုန့်နှစ်များ ကြည်လာတာနဲ့ ဇလုံတစ်လုံးထဲမှာ ရေခဲနှင့်ရေကို ထည့်ပေးပါ
  • ပြီးတာနဲ့ မုန့်နှစ်များကို မုန့်ဖတ်ညှစ်မည့် မိုလ်ထဲသို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ရေခဲရေ ထည့်ထားသော ဇလုံထဲကို ညှစ်ချပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်နှစ်များ ကုန်တဲ့အထိ ညှစ်ချပေးပါ
မုန့်လက်ဆောင်း ပွဲပြင်ရန်
  • ထန်းလျှက်ရည်ကို အဆင်သင့် ပြင်ထားပါ
  • အုန်းသီးခြစ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • မုန့်လက်ဆောင်းဖတ်နှင့် ရေခဲတုံးလေးများကို အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ မိမိနှစ်သက်ရာ ပန်းကန်ထဲမှာ မုန့်လက်ဆောင်းဖတ် ရေခဲတုံး အုန်းသီးဖတ်နှင့် ထန်းလျှက်ရည်တို့ထည့်ပြီး မုန့်လက်ဆောင်း ချိုမွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

2 comments:

  1. where can I buy ထုံး and how to call in English.
    Thanks.

    ReplyDelete
    Replies
    1. Lime Stone လို့ ခေါ်ပါတယ် အေးရှန်းဆိုင်တွေမှာ ဝယ်လို့ရပါတယ်ရှင်။

      Delete