ဒီနေ့တော့ နေ့လည်နေ့ခင်း ရေနွေးကြမ်း ပူပူလေးနဲ့ မြည်းရအောင် ကြက်သားအမွကြော်လေး ကြော်ဖြစ်တာမို့လို့ ရိုးရှင်းလွယ်ကူတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပေါင်သား - 350 g
- ကြက်ဥ - တစ်လုံး
- တန်ပူရာမှုန့် - ထမင်းစားဇွန်း ဆယ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ကြက်ပေါင်သားကို ရေဆေးပြီး အလယ်မှ အရိုးကို ဖယ်ပေးကာ ရေခြောက်အောင် သုတ်ပေးပြီး လက်နှစ်လုံး သာသာလေးတွေ လှီးပေးပါ
- ဆား အရသာမှုန့်တို့နဲ့ ကြက်သားကို နယ်ပေးပါ
- ကြက်ဥ တန်ပူရာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့နဲ့ရောပြီး ရေအနည်းငယ်ထည့်ကာ ခပ်ပြစ်ပြစ် ခလောက်ပေးပါ
- ခလောက်ထားသော တန်ပူရာမုန့်အနှစ်ထဲမှာ ကြက်သားတုံးကို တစ်တုံးချင်းနှစ်ပြီး လူးပေးပါ
- ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ကြက်သားတုံးကို ထည့်ကြော်ပေးပါ
- ကြက်သားတုံး တစ်ခုလုံး အကျက်ညီစေရန် အထက်အောက်ကို မကြာမကြာ လှန်လှန်ပေး၍ ရွှေဝါရောင်ဖြစ်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက ကြက်သားပြား မွမွရွရွ ကြွတ်ကြွတ်လေးကို မိမိနှစ်သက်ရာ အချဉ် ဆလတ်ရွက်တို့နဲ့တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ
No comments:
Post a Comment